International News

ဂျုံသိုလှောင်နိုင်ခွင့်ကန့်သတ်ချက် အိန္ဒိယအစိုးရချမှတ်

Last Updated:

အိန္ဒိယနိုင်ငံ၏ နေရာဒေသများစွာ၌ အပူလှိုင်းကျရောက်မှုမှာ အားပျော့လာခဲ့ပြီးနောက် ကြက်သွန်နီ၊ အာလူးနှင့် လတ်ဆတ်ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းများ ကျဆင်းလာမည့် အရိပ် အခြေရှိသော်လည်း ဂျုံဈေးနှုန်းများ မြင့်တက်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် ဂျုံသိုလှောင်နိုင်ခွင့် ကန့်သတ်ချက်များကို ဗဟိုအစိုးရက ၂၄-၆-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံ စားနပ်ရိက္ခာရေးရာ အတွင်းဝန် Sanjeev Chopra က အစိုးရအနေဖြင့် ဈေးနှုန်းများကို ထိန်းချုပ်နိုင်ရန်အတွက် လိုအပ်သော စီမံဆောင်ရွက်မှုများအားလုံးကို လုပ်ဆောင်လျက်ရှိကြောင်း၊ ၎င်းအနေဖြင့် ပြည်တွင်း၌ ဂျုံပြတ်လပ်မှုကို ပပျောက်စေရန် လိုလားမှုရှိကြောင်း၊ ဂျုံ သိုလှောင်နိုင်ခွင့် ပမာဏကန့်သတ်ခြင်းသည် သိုလှောင်ဈေးကစားမှုများကို လျှော့ချနိုင်စေရန်ဖြစ်ကြောင်းနှင့် ဂျုံတင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှုမှာ ဖြေလျော့မည့် အလားအလာရှိကြောင်း အရိပ်အမြွက်ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြည်တွင်း၌ ဂျုံစိုက်ပျိုးထုတ်လုပ်မှုမှာ အထွက်ကောင်းမွန်သည်ဟု အစိုးရက ပြောဆိုလျက်ရှိသော်လည်း လက်လီဈေးကွက်အတွင်း ဂျုံဈေးနှုန်းများမှာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၆% ထက်ပိုမိုသော နှုန်းထားများဖြင့် ရောင်းချလျက်ရှိသည်။

အိန္ဒိယ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ကုန်သည်ကြီးများနှင့် လက်ကားရောင်းချသူများသည် တန်ချိန် ၃၀၀၀ အထိကို လည်းကောင်း၊ လက်လီရောင်းချသူများအနေဖြင့် ဆိုင်တစ်ခုလျှင် ၁၀ တန်အထိလည်းကောင်း၊ အကြီးစား လက်လီအရောင်းကွင်းဆက် လုပ်ကိုင်သူများသည် ဆိုင်တစ်ခုလျှင် ၁၀ တန်အထိနှင့် ၎င်း၏ သိုလှောင်ရုံများအားလုံး၌ အများဆုံးတန် ၃၀၀၀ အထိကိုလည်းကောင်း၊ ကြိတ်ခွဲပြုပြင် ထုတ်လုပ်သူများသည် တပ်ဆင်ထားသော စွမ်းအင်အရ လစဉ်ကြိတ်ခွဲနိုင်မည့် ပမာဏ၏ ၇၀% နှုန်းထားဖြင့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ကုန်ဆုံးချိန်အထိ ကျန်ရှိမည့်လများအတွက်ကိုလည်းကောင်း ဂျုံကိုသိုလှောင်နိုင်ခွင့်ရှိမည်ဖြစ်သည်။

အဆိုပါ ဂျုံသိုလှောင်မှု လုပ်ငန်းများအားလုံးသည် စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဦးစီးဌာန၏ ကုန်လက်ကျန်စင်္ကြန်၌ ထုတ်ဖော်ကြေညာရမည်ဖြစ်ကြောင်း၊ ၎င်းတို့လက်ဝယ်၌ လက်ရှိ သိုလှောင်ထားသောပမာဏသည် သတ်မှတ်ချက်ထက် ပိုမိုလျက်ရှိပါက အမိန့်ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အဆိုပါသတ်မှတ်ချက်သို့ ရောက်ရှိအောင် လျှော့ချရန်ဖြစ် ကြောင်း၊ အဆိုပါ ဂျုံသိုလှောင်နိုင်ခွင့်ကန့်သတ်ချက်များသည် ၂၀၂၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိရှိရသည်။

Source: Economic Times, 25 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News