International News

အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီ တင်ပို့မှုကျဆင်းခြင်းက ပြည်တွင်းထောက်ပံ့မှုအပေါ် သက်ရောက်မှုဖြစ်စေနိုင်

Last Updated:

အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီထွက်ကုန်များ တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ကျဆင်းသွားခဲ့ပြီး ပြည်ပရောင်းချခွင့် ခွဲတမ်းများနှင့် ပြည်တွင်းသုံးစွဲခွင့် ခွဲတမ်းများအား စည်းနှောင်ချိတ်ဆက်ထားသည့် အခြေအနေများကြောင့် ပြည်တွင်း၌ စားသုံးဆီလျော့နည်းနိုင်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာကြောင်း The Jakarta Post သတင်းဌာနက ရေးသားဖော်ပြပါသည်။

ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ဇန်နဝါရီလတွင် စားအုန်းဆီ တန်ချိန် ၁.၈၉ သန်းနှင့် ဖေဖော်ဝါရီလတွင် တန်ချိန် ၁.၀၁ သန်း တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်များအတွင်း တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက လစဉ်ပျမ်းမျှအဆင့်ထက် လျော့နည်းခဲ့ကြောင်း၊  စားအုန်းဆီဝယ်လိုအားသည် ပဲပုပ်ဆီနှင့် မုန်ညင်းဆီ ကဲ့သို့သော ပြိုင်ဘက်စားသုံးဆီများနှင့် နှိုင်းယှဉ်ပါက စျေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း နိမ့်ကျသည့် အခြေအနေကြောင့် စားအုန်းဆီကဏ္ဍအတွက် ထိခိုက်နစ်နာမှုရှိခဲ့ပါကြောင်း၊ တင်သွင်းသည့်နိုင်ငံများသည် အခြားစားသုံးဆီအမျိုးအစားများကို ပိုမိုရွေးချယ်လာကြကြောင်းဖြင့် အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ Mr. Bambang Wisnubroto က အပတ်စဉ် ဈေးနှုန်းဖောင်းပွမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ရပ်၌ ပြောကြားခဲ့ကြောင်း သိရပါသည်။

ပြည်ပတင်ပို့မှု လျော့နည်းလာခြင်းက အစိုးရ၏ စျေးနှုန်းသက်သာသော ဟင်းချက်ဆီ ရောင်းချပေးမှု အစီအစဉ်သို့ မဖြစ်မနေရောင်းချပေးရမည့် စားအုန်းဆီပမာကို ကျဆင်းစေသဖြင့် ဝင်ငွေနိမ့်ကျသော အင်ဒိုနီးရှားစားသုံးသူများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း၊ Mr. Bambang နှင့် သမ္မတရုံးမှ အရာရှိတစ်ဦးတို့က အဆိုပါအစည်းအဝေး၌ သတိပေးပြောဆိုခဲ့ကြပါသည်။

အင်ဒိုနီးရှားနိုင်ငံတွင် စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် အစိုးရ၏ ပြည်တွင်းစားအုန်းဆီစျေးကွက်အတွက် ရောင်းချပေးရန် တာဝန်ရှိခြင်း (Domestic Market Obligation - DMO) အစီအစဉ်သို့ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးမည့်ပမာဏအပေါ်အခြေခံ၍ ပြည်ပသို့ စားအုန်းဆီတင်ပို့ခွင့် ခွဲတမ်းများကို ခွဲဝေရရှိခြင်းဖြစ်သည်။ ပို့ကုန်လုပ်ငန်းရှင်သည် DMO အစီအစဉ်သို့ ပေးသွင်းသည့်ခွဲတမ်း၏ ၄ ဆ အထိကို တင်ပို့ခွင့်ရရှိကြောင်း၊  အစိုးရသည် DMO အစီအစဉ်သို့ လစဉ် စားအုန်းဆီ တန်ချိန် ၃ သိန်း ရောင်းချပေးစေရေး ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

စားအုန်းဆီ ကုမ္ပဏီများသည် ပို့ကုန်တင်ပို့မှုကာလ ၂ လခွဲခန့်နှင့် ညီမျှသော ပို့ကုန်ခွဲတမ်း တန်ချိန် ၅.၅၈ သန်းခန့်ကို တင်ပို့ရန်ကျန်ရှိနေကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။ ပို့ကုန်ခွဲတမ်းလိုအပ်ချက နည်းပါးလျက် တင်ပို့မှုလျော့နည်းလာခြင်းကြောင့် DMO အတွက် ရောင်းချ‌ပေးရမည့် စားအုန်းဆီ ပမာဏသည်လည်း လိုက်ပါလျော့ကျဖွယ် ရှိပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ပြည်တွင်းစားအုန်းဆီ စျေးကွက်အတွက် ရောင်းချပေးရန်တာဝန်ရှိခြင်း (DMO) ဟူသည့် စားအုန်းဆီခွဲတမ်းကို ပို့ကုန်ခွဲတမ်းနှင့် ချိတ်ဆက်မည့်အစား ထုတ်လုပ်မှုအပိုင်းနှင့် ပြောင်းလဲချိတ်ဆက်ဆောင်ရွက်ရန် အစိုးရအစည်းအဝေးတွင် အဆိုပြု ဆွေးနွေးခဲ့ကြသည်ဟု သမ္မတရုံး၏ အမှုဆောင်အရာရှိ Mr. Edy Priyono က ပြောဆိုခဲ့ကြောင်း သတင်းရရှိ ပါသည်။

Source: The Jakarta Post, March 25, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News