International News

အိန္ဒိယနိုင်ငံမှ ဆန်တန်ချိန် ၅ သိန်း ဝယ်ယူရရှိနိုင်ရန် မလေးရှားကြိုးပမ်း

Last Updated:

မလေးရှားနိုင်ငံအစိုးရသည် အိန္ဒိယနိုင်ငံမှ နောက်ထပ်ဆန်တန်ချိန် ၅၀၀၀၀၀ ကို ရောင်းချ ပေးရန် တောင်းဆိုထားသည်ဟု မလေးရှားနိုင်ငံ လယ်ယာစိုက်ပျိုး‌ရေးနှင့် စားနပ်ရိက္ခာ ဝန်ကြီး Datuk Seri Mohamad Sabu က ပြောဆိုခဲ့ကြောင်း The Sun မလေးရှားသတင်းဌာနက ဖော်ပြပါသည်။

မလေးရှားနိုင်ငံသို့ ၂ ရက်တာ အလုပ်သဘော ခရီးရောက်ရှိနေသော အိန္ဒိယပြည်ပရေးရာ ဝန်ကြီး Dr S. Jaishankar မှ မလေးရှားဝန်ကြီးချုပ် Datuk Seri Anwar Ibrahim ထံ လာရောက်တွေ့ဆုံခဲ့အပြီး ၂၇-၃-၂၀၂၄ နေ့၌ သတင်းထုတ်ပြန်ရာတွင် စားနပ်ရိက္ခာဝန်ကြီး Mohamad က မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၇၀၀၀၀ တင်ပို့ရောင်းချပေးရန် အိန္ဒိယအစိုးရ၏ ခွင့်ပြုထားရှိမှုအပေါ် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ နောက်ထပ် ဆန်တန်ချိန် ၅၀၀၀၀၀ ရောင်းချပေးရန် အတွက်လည်း သံတမန်ဆက်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် အိန္ဒိယအစိုးရထံသို့ တရားဝင်စာပေးပို့တောင်းဆိုမည်ဖြစ်ကြောင်း၊ ယခုနှစ်ဆန်းပိုင်းတွင်လည်း ကြက်သွန်နီ တန်ချိန် ၁၀၀၀၀၀ ကို အစိုးရချင်း ညှိနှိုင်းမှုအစီအစဉ်ဖြင့် ရောင်းချပေးရန် အိန္ဒိယနိုင်ငံသို့ တရားဝင်စာပေးပို့ မေတ္တာရပ်ခံထားရှိကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာကဏ္ဍတွင် မလေးရှားနိုင်ငံနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်မည့် အခွင့်အလမ်းများစွာရှိကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းနယ်ပယ်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းခိုင်မာစွာ ဆက်လက်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ထားကြောင်းဖြင့် ပြောဆိုခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု သင်္ကေတအဖြစ် ယခင်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဘာစမာတီမဟုတ်သော ဆန်ဖြူ တန်ချိန် ၁၇၀၀၀၀ အား မလေးရှားနိုင်ငံသို့ တင်ပို့ရန် အိန္ဒိယ အစိုးရက ခွင့်ပြုထားခဲ့သည်။ မလေးရှားနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဝန်ကြီး Datuk Seri Mohamad Sabu ၏ ပြောကြားချက်အရ မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ ကုန်သွယ်မှုမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကာလအတွင်း တန်ဖိုးအားဖြင့် မလေးရှားရင်းဂစ် ငွေ ၁၉.၄၂ ဘီလီယံရှိကြောင်း သိရှိရသည်။

Source: The Sun, 27 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News