Local News

ညောင်တုန်းမြို့နယ်ထွက်ငရုတ်သီးနှံ ဈေးနှုန်းဈေးကွက်

Last Updated:

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန်ကောင်းမွန်သော နယ်မြေဒေသဖြစ်ရာ စပါး၊ ပဲ၊ ပြောင်း၊ နေကြာနှင့် အခြားသီးနှံမျိုးစုံ အပြင် ငရုတ်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ညောင်တုန်းမြို့နယ်တွင် အများဆုံးစိုက်ပျိုးသော ငရုတ်သီးနှံ အမျိုးအစားများမှာ မိုးထောင်ငရုတ်မျိုး၊ အောက်ဆွဲငရုတ်မျိုးများဖြစ်ပြီး မိုးထောင်ငရုတ်မျိုးမှာ အစပ်ပြင်း၍ အောက်ဆွဲငရုတ်မျိုးမှာ အစပ်ပေါ့ကြောင်း သိရသည်။

တောင်သူများ ငရုတ်စိုက်ပျိုးထွက်ရှိမှု အနေဖြင့် မိုးထောင် (အမှည့်/အစို) တစ်ဧက ပျမ်းမျှ ၄၀၀၀ ပိဿာခန့်၊ အောက်ဆွဲ(အမှည့်/အစို) တစ်ဧကပျမ်းမျှ ၅၀၀၀ ပိဿာခန့်ထွက်ရှိပြီး အောက်တိုဘာလတွင် စတင်စိုက်ပျိုး၍ ဒီဇင်ဘာလ၌ စတင်ခူးဆွတ်ရကြောင်း၊ ဈေးနှုန်းအနေဖြင့် ငရုတ်သီးနှံ စတင်ထွက်ပေါ်ချိန်၌ မိုးထောင်ငရုတ်(အမှည့်၊အစို) တစ်ပိဿာလျှင် လက်ကားဈေး ၁,၀၀၀ ကျပ် ဖြင့်လည်းကောင်း၊ အောက်ဆွဲငရုတ် (အမှည့်၊အစို) တစ်ပိဿာလျှင် ၃,၀၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချရပြီး အောက်ဆွဲငရုတ်(အမှည့်၊အစို)များမှာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် လက်ကားဈေး တစ်ပိဿာလျှင် ၂,၅၀၀-၂,၇၀၀ ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် ကုန်လက်ကျန် မရှိတော့ဘဲ မိုးထောင်ငရုတ် (အမှည့်၊အစို)များသာ လက်ကားဈေး တစ်ပိဿာလျှင် ၉၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ညောင်တုန်းမြို့နယ်မှထွက်ရှိသော ငရုတ်သီးနှံများကို မြို့နယ်တွင်းရှိ ငရုတ်အဝယ်ဒိုင်များသို့လည်းကောင်း၊ ရန်ကုန်မြို့ (သီရိမင်္ဂလာဈေးနှင့် တညင်းကုန်းဈေး)သို့ တင်ပို့ရောင်းချကြကြောင်း ငရုတ်စိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

Source: DOCA (ဧရာဝတီ)

Source: https://commerce.gov.mm

Category: Local News