Local News

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာ၌ ကြက်သွန်နီသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများသည် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သုံး သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီသီးနှံကို ပန်းတော်ပြင်ကျေးရွာ၌ ၁၅ ဧက ခန့် စိုက်ပျိုးထားကြောင်း သိရသည်။ ကြက်သွန်နီသီးနှံကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလကုန်တွင် တူးဖော်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ ဘောင်တင်စနစ်ဖြင့် ရေသွင်း စိုက်ပျိုးကြောင်း ပင်စိုက်နှင့် ဥစိုက်ဟူ၍ စိုက်ပျိုးကြပြီး ဥစိုက်ကြက်သွန်နီကို အများဆုံးစိုက်ပျိုးကြကြောင်း၊ မျိုးအနေဖြင့် ရွှေဖလားမျိုးကို ရေနံချောင်းမြို့မှ တစ်ပြည်လျှင် ငွေကျပ်တစ်သိန်းဖြင့် ဝယ်ယူ၍ စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးခြောက်ပြည်ခန့် ကုန်ကျကြောင်း၊ ကြက်သွန်နီတစ်ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခ၊ ရေသွင်းခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်း ငွေကျပ် သိန်း ၃၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က ကြက်သွန်နီတစ်ဧကလျှင် ပိဿာချိန် ၃၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံသို့ တိုက်ရိုက် တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် ကြက်သွန်နီ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီအချိန်တွင် တူးဖော်ရမည်ဖြစ်ကာ အထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အမြတ်ရရှိမည် ဖြစ်ကြောင်း၊ ကြက်သွန်နီစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News