Local News

ပြည်ပဝယ်လိုအားကောင်းဆဲ မြန်မာပဲစင်းငုံ

Last Updated:

မြန်မာပဲစင်းငုံဈေးနှုန်းများ အတက်ဘက်တွင် ဆက်လက်ရပ်တည်လျက်ရှိပြီး အဓိက ဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံ၏ဝယ်လိုအားမှာလည်း တစ်နှစ်ထက်တစ်နှစ်တိုးလာနေကြောင်း တွေ့ရပါသည်။ ဘုရင့်နောင်ကုန်စည်ဒိုင်၏ ဈေးနှုန်းထုတ်ပြန်ချက်များအရ ပဲစင်းငုံ ၁ တန်ဈေးနှုန်းသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျပ် ၃၈၀၀၀၀၀၊ ၂၆ ရက်နေ့တွင် ကျပ် ၃၈၃၇၅၀၀၊ ၂၇ ရက်နေ့ တွင် ကျပ် ၃၇၉၀၀၀၀၊ ၂၉ ရက်နေ့တွင် ကျပ် ၃၇၉၇၀၀၀၊ ၃၀ ရက်နေ့တွင် ကျပ် ၃၈၂၂၀၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

အိန္ဒိယနိုင်ငံသို့ ပဲစင်းငုံအများဆုံးတင်သွင်းသည့် မိုဇမ်ဘစ်၊ တန်ဇန်းနီးယားနှင့် မြန်မာနိုင်ငံတို့အနက် တန်ဇန်းနီးယားနိုင်ငံတင်သွင်းမှုက နှစ်စဉ်ပုံမှန်ဖြစ်နေပြီး မိုဇမ်ဘစ်နှင့် မြန်မာနိုင်ငံတို့က တင်သွင်းမှုအများဆုံးဖြစ်သည်။ မိုဇမ်ဘစ်မှ ပဲစင်းငုံတင်သွင်းမှုပမာဏသည် နှစ်စဉ်ပုံမှန်မဟုတ်ပဲ အတက်အကျဖြစ်နေပြီး မြန်မာပဲစင်းငုံတင်သွင်းမှုက တနှစ်ထက်တနှစ် ပုံမှန်မြင့်တက်လာကြောင်း တွေ့ရှိရသည်။၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသို့ ပဲစင်းငုံတင်သွင်းမှုတွင် မြန်မာနိုင်ငံက မိုဇမ်ဘစ်နိုင်ငံထက် ပိုများကြောင်းတွေ့ရသည်။ 

ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုသည် မြန်မာနိုင်ငံ၏ အရေးပါသော သီးနှံများတွင်ပါဝင်သော်လည်း အိန္ဒိယနိုင်ငံ၏ဝယ်လိုအားကို မှီအောင်စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ လိုသေးသည်ဟု IPGA ကဖော်ပြထားသည်။ ယခုနှုန်းအတိုင်းဆက်သွားမည်ဆိုပါက မြန်မာပဲစင်းငုံ၏ ဈေးကွက်လိုအပ်ချက်များပြား နေဆဲဖြစ်၍ နှစ်စဉ်တင်ပို့မှုလည်းဆက်လက်တိုးလာနိုင်ဖွယ်ရှိပြီး ပိုမိုစိုက်ပျိုးထုတ်လုပ်ရန် လိုအပ် နေမည်ဖြစ်ကြောင်းတွေ့ရသည်။

လာမည့်သီတင်းပတ်အတွင်း ပဲစင်းငုံအထွက်နှုန်း၊ မြန်မာပဲစင်းငုံသင်္ဘောဆိုက်ရောက်မှု၊ ရာသီဥတုအခြေအနေများအရ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲစင်းငုံဈေးနှုန်းတည်ငြိမ်နိုင်ကြောင်း၊ ပဲစင်းငုံ (Raw) ဈေးနှုန်းမြင့်တက်မှုသည် ပဲစင်းငုံခွဲခြမ်းဈေးနှုန်းအပေါ် သက်ရောက်လျက်ရှိသောကြောင့် ပဲခွဲစက်များအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေသော်လည်း ကုန်လက်ကျန်နည်းပါးမှု၊ ပြည်တွင်း အထွက်နှုန်းကျဆင်းမှုတို့ကြောင့် ပုံမှန်ဝယ်ယူကြိတ်ခွဲနေရမည်ဖြစ်ကြောင်း IPGA ကဆက်လက် ဖော်ပြထားပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News