Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးရံ့ပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးရံ့ ပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်‌ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာက ပြောပြ၍ သိရသည်။

ဘိုကလေးမြို့နယ်မှ ရန်ကုန်‌ဈေးကွက်သို့ ငါးရံ့များအပါအဝင် ရေထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိရာ မေလအတွင်းက ငါးရံ့ပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ငါးရံ့ပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဇွန်လထဲမှာ ငါးရံ့တွေသိသိသာသာ တင်ပို့ရောင်းချအားတိုးတက်လာခဲ့ပါတယ်။ ငါးရံ့တွေ တင်ပို့ရောင်းချအားတက်ခဲ့တာကလဲ ပြည်တွင်းမှာ ဝယ်လိုအားကောင်းနေတာကြောင့် ဖြစ်ပါတယ်။ ဒေသထွက် ငါးရံ့တွေအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ပါတယ်။ အခုလို တင်ပို့အားကောင်းလာတော့ ငါးရံ့မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ လုပ်သားတွေ၊ သဘာဝအတိုင်း ငါးရံ့ရှာဖွေဖမ်းဆီးသူတွေ အဆင်ပြေလာပါတယ်” ဟု ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာက ပြောပြသည်။

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း တင်ပို့ရောင်းချခဲ့ရသည့် ငါးရံ့အလတ် ၁၀ ပိဿာလျှင် ငွေကျပ် ၁၂၅၀၀၀၊ ငါးရံ့အသေး ၁၀ ပိဿာလျှင် ငွေကျပ် ၉၅၀၀၀၊ ငါးရံ့အကြီး ၁၀ ပိဿာလျှင် ငွေကျပ် ၁၆၅၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါဒေသတွင် မွေးမြူရေးငါးရံ့နှင့် သဘာဝအတိုင်း ချောင်း၊ အိုင်၊ မြောင်း၊ လယ်ကွင်းများမှ ရှာဖွေဖမ်းဆီးရရှိသည့် ငါးရံ့များထွက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News