Local News

လပွတ္တာမြို့နယ်မှ ငါးစည်ဖောင်းခြောက်များ ရန်ကုန်ဈေးကွက်က ဝယ်ယူမှုကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ငါးစည်ဖောင်းခြောက်များ ရန်ကုန်ဈေးကွက်ကဝယ်ယူမှုကောင်းနေကြောင်း လပွတ္တာမြို့နယ် ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်တင်ညိုက ပြောပြသည်။ လပွတ္တာမြို့နယ်မှထွက်ရှိသော ငါးစည်ဖောင်းခြောက်များကို ပြည်တွင်း ရန်ကုန်ဈေးကွက်က ဖေဖော်ဝါရီလ ဒုတိယပတ်က စတင်ပြီး ယနေ့(မတ်လ-၅)ရက်နေ့ထိ ဝယ်ယူမှုကောင်းလာကြောင်း၊ အဆိုပါ ငါးစည်ဖောင်းခြောက်များသည် ငါးရွှေငါး၊ နတ်ကတော်ငါး၊ ငါးရောင်၊ ငါးပုတ်သင်စသည့် ငါးများကို ဝမ်းဗိုက်ခွဲပြီး အတွင်းမှရရှိသည့် စည်ဖောင်းများကို စနစ်တကျသန့်စင်နေပူလှန်း အခြောက်ခံရရှိခြင်းဖြစ်သည်။

“လပွတ္တာမြို့နယ်ကထွက်တဲ့ ငါးစည်ဖောင်းခြောက်တွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုသိသိသာသာ ကောင်းနေပါတယ်။ ‌ဒေသထွက် ငါးစည်ဖောင်းခြောက်တွေကို ပြည်တွင်းဈေးကွက်ရန်ကုန်သို့ အဓိကထားတင်ပို့ရောင်းချနေတာဖြစ်ပါတယ်”ဟု လပွတ္တာမြို့နယ် ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်တင်ညိုက ပြောပြသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလ ဒုတိယပတ်မှ ယနေ့(မတ်လ-၅)ရက်နေ့ထိ ငါးစည်ဖောင်းခြောက်ပိဿာချိန် ၇၅၀၀ ထိ တင်ပို့ရောင်းချထားရကြောင်း၊ အဆိုပါ ငါးစည်ဖောင်းခြောက် တစ်ပိဿာဈေးနှုန်းသည် ငါးရွှေငါးစည်ဖောင်းခြောက် တစ်ပိဿာလျှင်ငွေကျပ် ၅၅၀၀၀၊ နတ်ကတော်ငါးစည်ဖောင်းခြောက် တစ်ပိဿာလျှင်ငွေကျပ် ၅၇၀၀၀၊ ငါးရောင်ငါးစည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၂၅၀၀ မှ ၃၅၀၀၀၊ ငါးပုတ်သင်ငါးစည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀၀ ဈေးပေါက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News