Local News

ကျောက်ဆည်မြို့နယ်၌ သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

Last Updated:

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သိပ္ပံနည်းကျ စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထားသော မိုးချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ မိုးကြိုချည်မျှင်ရှည်ဝါသီးနှံများကို မေလလယ်နှင့်ဇွန်လကုန်အတွင်း စိုက်ပျိုးကြပြီး မြေပြင်ချိန်တွင် နွားချေးလှည်း ၁၀ စီးနှင့် ကွန်ပေါင်းမြေဩဇာတစ်အိတ်ကို မြေခံအဖြစ် ထည်းသွင်းပြုပြင်ပြီး ဒေသနှင့်ကိုက်ညီသည့် ငွေချည်(၆)၊ ငွေချည်(၉)၊ ရွှေတောင်(၈)ချည်မျှင်ရှည်ဝါများ စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုး ရာ၌ တစ်ဧက သတ်မှတ်အပင်ဦးရေပြည့်မီစေရန် စိုက်တန်း၊ စိုက်ကျင်းများကို ဝါအမျိုးအစားအလိုက် သုံးပေပတ်လည်နှင့် ပေခွဲပတ်လည် စိုက်ပျိုးကြကြောင်း သိရသည်။

ရွက်စစ်(၃-၄) ရက်ထွက်ချိန်၊ စိုက်ပျိုးပြီး ၁၈ ရက်မှ ၂၁ ရက်နေ့အတွင်း စိုက်ကျင်းတစ်ကျင်းလျှင် နှစ်ပင်ချန်၍ သားခွဲခြင်းများ ပြုလုပ်ကြကြောင်း၊ အပွင့်ဝင်ချိန်နှင့် အပွင့်ပွင့်ချိန်တွင် အပင်ခြေမှ ခြောက်လက်မအကွာတွင် ကွန်ပေါင်းအိတ်ဝက်နှင့် ယူရီးယား အိတ်ဝက်ထည့်သွင်းကြောင်း၊ အပွင့်စတင်ခါနီးအချိန်၊ ပန်းစပွင့်ချိန်၊ ပန်းပွင့်ဖြိုင်ချိန်နှင့် ဝါသီး ကြီးထွားချိန်တွင် အစိုဓာတ်လုံလောက်စွာ မရရှိပါက ရေသွင်းခြင်းများပြုလုပ်ကာ ကြားထွန် တိုက်ပြီး ပေါင်းမြက်ရှင်းလင်းခြင်းနှင့် ရေဝပ်၊ ရေစိမ့်ခြင်းများမဖြစ်စေရန် ရေသွင်း ရေထုတ် မြေင်းများ စနစ်တကျပြုလုပ်ထားပြီး ရေပိုရေလျှံများ ထုတ်ပယ်ရသည်။ အပင်သက်တမ်း ရက် ၅၀ တွင် စုပ်ပိုးကာကွယ်ဆေးနှစ်ကြိမ်နှင့် ရက် ၆၀ သားနောက်ပိုင်းတွင် ဝါဂွမ်းပိုးနီ နှင့် ရွက်လိပ်စားပိုးအတွက် ဆေးနှစ်ကြိမ်ဖျန်းခြင်းနှင့် လိုအပ်ပါက အခြားပိုးများအတွက် ဖျန်း ဆေးများနှင့် ကာကွယ်စိုက်ပျိုးကြောင်း သိရသည်။

မိုးချည်မျှင်ရှည်ဝါသီးနှံများကို သံရွာ၊ ပေါင်လောင်၊ တောင်တော်၊ ကင်း၊ ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲ၊ ကြောင်၊ ကြက်သားဟင်း၊ သင်္ဂတုံ၊ ကလေး၊ မှိုင်းပန်၊ ရဲဘော်ကြီး၊ ရှမ်းတောင်ဦး၊ ကုလားကျောင်း၊ အရှေ့သာဂရ၊ ပြည်တော်သာ ကျေးရွာ အုပ်စုများတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

Source: The Mirror Daily

Category: Local News