Local News

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ရွှေသွယ်ရင်စပါးတင်းရေ ၈၅၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ရွှေသွယ်ရင်စပါးအမျိုးအစားတင်းရေ ၈၅၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မအူပင်မြို့နယ်မှ ဆန်စပါး‌ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေက ပြောပြ၍ သိရသည်။ မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ရွှေသွယ်ရင်စပါးအမျိုးအစားတင်းရေ ၅၉၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လအတွင်း ရွှေသွယ်ရင်စပါးအမျိုးအစားတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ စပါးအမျိုးအစားသည် ဆန်ကြမ်းအုပ်စုတွင် ပါဝင်သည့်အမျိုးအစားဖြစ်ကြောင်း သိရသည်။

“ဇူလိုင်လအတွင်း ရွှေသွယ်ရင်စပါးတွေအများအပြား မအူပင်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ မအူပင်မြို့ကနေ လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုအများအဆုံး တင်ပို့ရောင်းချနေပါတယ်။

ရွှေသွယ်ရင်စပါးအမျိုးအစားက ဆန်အကြမ်းအုပ်စုထဲမှာပါတဲ့စပါးအမျိုးအစားဖြစ်ပါတယ်။ အဲဒီစပါးတွေကို ရန်ကုန်ဘက်ကဝယ်ယူမှုများနေလို့ တင်ပို့အားများခဲ့တာဖြစ်ပါတယ်။ ရွှေသွယ်ရင်စပါးအမျိုးအစားကို ရန်ကုန်ဈေးကွက်က အခုလထဲမှာလဲ အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပါတယ်။ အခြားစပါးတွေနဲ့ယှဉ်ရင် ဒီစပါးအမျိုးအစားက အရောင်းအဝယ်ပိုဖြစ်နေပါတယ်။ စပါးတွေကို ကုန်းလမ်းနဲ့ ရေလမ်းအဆင်ပြေသလိုပဲ တင်ပို့ရောင်းချနေပါတယ်” ဟု မအူပင်မြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေက ပြောပြသည်။

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း တင်ပို့ရောင်းချခဲ့သည့် ရွှေသွယ်ရင်စပါးအမျိုးအစား တင်းရေ ၁၀၀ လျှင်ငွေကျပ် ၁၉၈၀၀၀၀ ထိ ဈေးပေါက်နေကြောင်း ဒေါ်ဆွေဆွေက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News