Local News

မန္တလေး ပဲ၊ နှမ်း ဈေးကွက်တွင် မြေထောက်ပဲနှင့် ပဲကြီးအရောင်းအဝယ်ကောင်းမွန်လာ

Last Updated:

မန္တလေး ပဲ၊ နှမ်း ဈေးကွက်တွင် မြေထောက်ပဲနှင့် ပဲကြီးအရောင်းအဝယ်ကောင်းမွန်လာကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ပဲ၊ ပြောင်း၊ နှမ်း စသည့်ကုန်စည်များထဲတွင် ယခင်က မြေထောက်ပဲနှင့် ပဲကြီးမှာ ပြည်တွင်းဈေး ကွက်အတွင်းမှ ဝယ်ယူမှုနည်းခြင်းကြောင့် အရောင်းအဝယ်အေးနေခဲ့ကြောင်း လက်ရှိတွင် မြေထောက်ပဲနှင့် ပဲကြီးကို ကုန်သည်များဝယ်ယူမှုများပြားလာပြီး အရောင်းအဝယ်မှာ အကောင်းဆုံးအနေအထားတွင်ရှိကြောင်း သိရသည်။ “မြေ ထောက်ပဲနဲ့ ပဲကြီးကအရင် တစ်ပတ်လောက်က အဝယ်သိပ်မလိုက်တာကြောင့် မန္တလေးဈေးကွက်ထဲ အရောင်းအဝယ်သိပ်မဖြစ်ခဲ့ဘူး။ အခုလက်ရှိမှာတော့ အရောင်းအဝယ် ကောင်းမွန်လာတဲ့အပြင် ပြည်ပကပါဝယ်ယူမှုတွေများလာတာကြောင့် မြေထောက်ပဲနှင့် ပဲကြီးမှာ အရောင်းအဝယ် ပြန်ပြီးကောင်းမွန်နေပါတယ်” ဟု ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေး ပဲ၊ နှမ်းဈေးကွက်အတွင် ယနေ့ပေါက်ဈေးအရ မြေထောက်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀ ပေါက်ဈေးရှိကြောင်း၊ ပဲကြီးသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။ ယခု ပဲ၊ ပြောင်း၊ နှမ်း ဈေးကွက် အတွင်း ယနေ့ပေါက်ဈေးအရ နှမ်းညို သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ နှမ်းနက်(စမုန်) သုံးတင်းဝင်တစ် အိတ်လျှင် ငွေကျပ် ၆၅၀၀၀၀ ထိပေါက်ဈေးရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေး ကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

 

Category: Local News