၂၀၂၄ ခုနှစ် တတိယသုံးလပတ်တွင် စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးခဲ့သော်လည်း အတိုးနှုန်း လျှော့ချခြင်းနှင့် ဒေသ၏ စီးပွားရေးတည်ငြိမ်မှု အစီအမံဆောင်ရွက်ချက်များကြောင့် လက်ရှိ အချိန်တွင် ဈေးကွက်အခြေအနေ တိုးတက်လာသည်ဟု ဟောင်ကောင်ဒေသ ဘဏ္ဍာရေးဝန်ကြီး Paul Chan က ပြောကြားခဲ့သည်ဟု rthk သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် နေ့တွင် “HK's economy will maintain momentum: FS” ခေါင်းစဉ်ဖြင့်ရေးသား ဖော်ပြ ထားပါသည်။
စတော့ရှယ်ယာနှင့် အိမ်ရာအဆောက်အဦ ဈေးကွက်များ ရောင်းဝယ်မှုမြင့်တက်လာကြောင်းနှင့် ဟောင်ကောင်ဒေသစီးပွားရေးသည် ၂၀၂၄ခုနှစ် ကုန်အထိ လက်ရှိအရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဖြစ်ကာ ဒေသ၏ စီးပွားရေးတိုးတက်မှုနှုန်းထားမှာ တစ်နှစ်ပတ်လုံး အနေ ဖြင့် မူလခန့်မှန်းထားသည့် အနိမ့်ဆုံးနှုန်းထားခန့်ရောက်ရှိနိုင်ဖွယ်ရှိကြောင်း ၎င်း၏ အပတ်စဉ် ဘလော့တွင် ရေးသားထားပါသည်။
ဟောင်ကောင်ဒေသစီးပွားရေး တိုးတက်မှုမှာ ၂၀၂၄ ခုနှစ် တတိယသုံးလပတ်အတွင်း ယခင်နှစ် အလားတူ ကာလထက် ၁.၈ ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း၊ ပထမသုံးလပတ်တွင် ၂.၇ ရာခိုင်နှုန်း နှင့် ဒုတိယသုံးသလပတ်တွင် ၃.၃ ရာခိုင်နှုန်း အထိ တိုးတက်မှုရှိခဲ့ပါသည်။ သို့ဖြစ်၍ အစိုးရတာဝန်ရှိသူများအနေဖြင့် ၂၀၂၄ ခုနှစ်၊ တစ်နှစ်ပတ်လုံးအတွက် ဟောင်ကောင်ဒေသ၏ စီးပွားရေးတိုးတက်မှုနှုန်း ၂.၅ ရာခိုင်နှုန်းမှ ၃.၅ ရာခိုင်နှုန်းအတွင်းရှိမည်ဟု ခန့်မှန်းထားကြောင်း ရေးသားဖော်ပြထားပါသည်။
ထို့ပြင် ဟောင်ကောင်ဒေသအနေဖြင့် ဂျာမနီ၊ အမေရိကန်နှင့် ဥရောပမှ မဟာဗျူဟာလုပ်ငန်းများ ၁၇ ခု နှင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် ၁၇ ခု လက်မှတ်ရေးထိုး သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းများအနက်မှ ၉၀ ရာခိုင်နှုန်းမှာ ဟောင်ကောင်ဒေသ၌ ရုံးချုပ်များ လာရောက်တည်ထောင်ဖွင့်လှစ်မည်ဖြစ်ပြီး၊ AI, big data နှင့် new energy ကဲ့သို့သော နယ်ပယ်မှ လုပ်ငန်းများပါဝင်သည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြ ထား ပါသည်။
လက်မှတ်ရေးထိုးသွားမည့် လုပ်ငန်း (၁၇) နှင့် ဟောင်ကောင်ဒေသသို့ ဝင်ရောက်လာပြီးသော မဟာဗျူဟာမြောက်လုပ်ငန်းများ အပါအဝင် စုစုပေါင်း မဟာဗျူဟာမြောက်လုပ်ငန်းပေါင်း (၅၀) နီးပါးသည် ဟောင်ကောင်ဒေသသို့ အရင်းအနှီး ဟောင်ကောင်ဒေါ်လာ ၄၂ ဘီလီယံ ဝင်ရောက် လာစေပြီး၊ အလုပ်အကိုင်အခွင့်အလမ်း ၁၇,၀၀၀ ကျော်ဖန်တီးပေးနိုင်မည်ကြောင်း စသည်ဖြင့် ရေးသား ဖော်ပြထားပါသည်။
စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။