ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းလပ်အုပ်စု၊ မိုင်းဇင်းအုပ်စုများတွင် ရာသီအလိုက် သီးနှံများကို စိုက်ပျိုးလျက်ရှိရာ မိုးကန်စွန်းဥကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ မိုးကန်စွန်းဥကို မေလနှင့် ဇွန်လတို့တွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် ထွက်ရှိကြောင်း၊ မျိုးအနေဖြင့် ဒေသမျိုးများဖြစ်သော ရွှေဝါမျိုးနှင့် ငချိပ်မျိုးဟူ၍ နှစ်မျိုးရှိပြီး ငချိပ်မျိုးကိုသာ အများဆုံးစိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ကန်စွန်းဥ ပျိုးပင်များကို မိမိခြံ၌ ထွက်ရှိသော ကန်စွန်းပင်၏ အညွှန့်များကို နှစ်ပေ-သုံးပေခန့် ဖြတ်တောက်၍ ပျိုးထောင်ကာ စိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် ကန်စွန်းဥပျိုးပင်ပေါင်း ၈ သောင်း၊ ၉ သောင်းခန့် စိုက်ပျိုးရပြီး မြေကိုထွန်ယက်၍ ပေါင်စနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် ကန်စွန်းဥပိဿာချိန် ၈၀၀ ခန့် ထွက်ရှိကြောင်း၊ စိုက်ပျိုးမှုအတွက် မြေထွန်ယက်ခ၊ မြေဆွေး သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၁ သိန်း ခန့်ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ ပထမပတ်တွင် လက်ကားဈေးနှုန်းကန်စွန်းဥ အလုံးအသေး/ အကြီးအပေါ်မူတည်၍ ၁၀ လုံး-၁၂ လုံးပါ တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ရာ တစ်ဧကလျှင် ငွေကျပ် ကိုးသိန်းခန့် အမြတ်ရရှိပြီး တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိသောကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
Source: မြန်မာ့အလင်းသတင်းစာ