ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလ အတွင်း ဒေသထွက်အုန်းသီးအနုအလုံးရေ ၅၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ် မြို့နယ်မှ အုန်းသီးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးမြင့်က ပြောပြ၍သိရသည်။ ကျိုက်လတ်မြို့ နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ်စက်တင်ဘာလအတွင်းက အုန်းသီးအနုအလုံးရေ ၄၀၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ အုန်းသီးအနုအလုံးရေ ၅၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ၊ အဆိုပါတင်ပို့ရောင်းချခဲ့ရသည့် အုန်းသီးအနုအလုံးရေ ၁၀၀လျှင် ငွေကျပ် ၈၈၀၀၀ ထိ ပေါက်ဈေးရှိနေကြောင်းသိရသည်။ “ကျိုက်လတ်မြို့နယ်ကနေ ထွက်ရှိတဲ့ ဒေသထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ရောင်းချပါတယ်။ ရန်ကုန် ဈေးကွက်ကနေ အောက်တိုဘာလထဲမှာ အုန်းသီးအနုတွေ ဝယ်ယူမှုများပြားခဲ့ပါတယ်။
အောက်တို ဘာလထဲမှာ အုန်းသီးအနုအလုံးရေ ၅၅၀၀၀၀ ထိတင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ နိုဝင်ဘာလ ထဲမှာလဲ အုန်းသီးအနုဝယ်ယူမှုများပြားနေပါတယ်။ ဒေသထွက်အုန်းသီးအနုတွေ ဝယ်ယူမှု များ ပြားလာတဲ့အတွက် အုန်းစိုက်ပျိုးသူတွေအနေနဲ့ အုန်းသီးတွေကို ရင့်တဲ့အထိ စောင့်စရာမလိုဘဲ ဝင်ငွေရရှိနေပါတယ်” ဟု ကျိုက်လတ်မြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြင့်က ပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အုန်းသီးအနုများ ပိုမိုတင်ပို့ရောင်းချနေရ သည့်အတွက် ပွဲရုံလုပ်ငန်းပိုင်ရှင်များ အုန်းစိုက်ပျိုးသူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ အဆင်ပြေနေကြောင်း ကျိုက်လတ်မြို့နယ်မှ အုန်းသီးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးမြင့်က ပြောပြ၍သိရသည်။
Source: ရတနာပုံသတင်းစာ