Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ငါးတန်ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ငါးတန်ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်းက ငါးတန်ပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း ငါးတန်ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ ဖျာပုံမြို့နယ်မှ ငါးတန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့ မေလအတွင်း ငါးတန်ပိဿာချိန် ၈၅၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ဖျာပုံမြို့နယ်ကနေ ထွက်တဲ့ရေထွက်ကုန်မှန်သမျှ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချတာဖြစ်ပါတယ်။ ရန်ကုန်ဘက်က အဝယ်လိုက်နေလို့ ပြီးခဲ့တဲ့တစ်လအတွင်းကော၊ အခုလက်ရှိကော ရေထွက်ကုန်တွေ အရောင်းအဝယ်ကောင်းနေပါတယ်။ ငါးတန်က ပြည်တွင်းဈေးကွက်မှာကို အရောင်းအဝယ်သွက်နေပါတယ်။ တင်ပို့အာတက်လာတော့ ငါးတန်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေ အဆင်ပြေလာပါတယ်” ဟု ဖျာပုံမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးတန် ၁၀ ပိဿာလျှင် ငွေကျပ် ၁၀၅၀၀၀ ထိ ဈေးရရှိကြောင်း၊ အဆိုပါငါးတန်များကို ရန်ကုန်ဈေးကွက်သို့ ပိုမိုတင်ပို့ရောင်းချနေရခြင်းကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ၊ ငါးရောင်းဝယ်ရေးကုန်သည်များ၊ ငါးကန်လုပ်သားများ၊ ကုန်တင်ကားအငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News