Local News

ဆိပ်ဖြူမြို့နယ်၌ ကန်စွန်းဥစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကိုးထောင့်၊ ရေလယ်ကျွန်း၊ သံဇလုံ၊ တောင်ငယ်လုံး၊ ရေလယ်တောင်၊ကျစ်ပြင်၊ ချင်တောင်၊အောက်ဆိပ်၊ ဇီးကပ်ကျေးရွာများတွင် ရာသီအလိုက် သီးနှံမျိုးစုံနှစ်စဉ် စိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံရာသီစာ ကန်စွန်းဥ စိုက်ခင်းများကိုလည်း ကိုင်းကျွန်း၊ သဲ၊ နုံးမြေများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ကန်စွန်းဥ စိုက်ခင်းများကို စီးပွားဖြစ်အမြောက်အများ နှစ်စဉ်စိုက်ပျိုးကြပြီး ယခင်နှစ်တွင် စိုက်ဧက ၂၀၀၀ ခန့်စိုက်ပျိုးခဲ့ပြီး ကန်စွန်းဥအထွက်နှုန်းနှင့် ဈေးကွက်ကောင်းမွန်သောကြောင့် ယခုနှစ်တွင် စိုက်ဧက ၂၅၀၀ ခန့်အထိ တိုးချဲ့စိုက်ပျိုးထားကြောင်းသိရသည်။

ကန်စွန်းဥစိုက်ပျိုးရာတွင် ရွှေဝါမျိုးနှင့် ငချိတ်မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးအနေဖြင့် ကန်စွန်းညွန့် သုံးသောင်းခွဲခန့် စိုက်ပျိုးရကြောင်း၊ ဥစားကန်စွန်းညွန့်များကို မြစ်ရေကျချိန် အောက်တိုဘာလကုန်မှ နိုဝင်ဘာလအတွင်း စတင်စိုက်ပျိုးပြီး နောက်သုံးလအကြာ ဖေဖော်ဝါရီလမှ မတ်လအတွင်း တူးဖော်ရကြောင်း၊ ကန်စွန်းဥများ အချိုလေး၍ အရသာ ကောင်းမွန်စေရန် ရေသွင်းစိုက်ပျိုးခြင်းမပြုဘဲ မြေအောက်ရေဖြင့်သာ စိုက်ပျိုးကြောင်းသိရသည်။

စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ကျပ် ၉၀၀,၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ပိဿာချိန် ၃၀၀၀-၃၅၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စအချိန်တွင် ဒေသပေါက်ဈေးမှာ ကန်စွန်းဥ အကြီးအသေးနှင့် အရည်အသွေးအပေါ်မူတည်၍ လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၈၀၀-၁၅၀၀ ဖြင့်ရောင်းချရကြောင်း၊ တစ်ပိဿာလျှင် ၁,၂၀၀ ကျပ်ဖြင့် တွက်ချက်ပါက ဝင်ငွေအနေဖြင့် ၃,၆၀၀,၀၀၀ ကျပ်ခန့်ရရှိပြီး ၂,၇၀၀,၀၀၀ ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။

Source: DOCA (မကွေး)

Source: https://commerce.gov.mm

Category: Local News