International News

အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှု ယခုနှစ် ဧပြီလ၌ ၄၁% မြင့်တက်ခဲ့

Last Updated:

စားအုန်းဆီဈေးနှုန်းများ ကျဆင်းလာမှုအရ ပြန်လည်သန့်စင်သည့် စက်ရုံများ၏ ဝယ်ယူမှုများပြားလာသဖြင့် အိန္ဒိယနိုင်ငံ၏ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း စားအုန်းဆီတင်သွင်းမှုသည် ယခင် လကထက် ၄၁ မြင့်တက်လျက် သုံးလတာကာလ၌ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်ဟု ကုန်သည်လုပ်ငန်းရှင် ၅ ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

ကမ္ဘာ့အကြီးဆုံး စားအုန်းဆီတင်သွင်းသည့် နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ ဝယ်ယူမှုမြင့်မားခြင်းက မလေးရှားနိုင်ငံ စားအုန်းဆီကြိုရောင်းဈေးကွက်၌ စံပြုရောင်းဝယ်သည့် FCPOc3 အဆင့် စားအုန်းဆီကြမ်း၏ ၃ လအတွင်း အနိမ့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေမှုကို တိုးတက်လာစေဖွယ်ရှိသည်။ အဆိုပါ ကုန်သည်များက အိန္ဒိယနိုင်ငံအနေဖြင့် ဧပြီလအတွင်း စားအုန်းဆီ တန်ချိန် ၆၈၂၀၀၀ တန်ခန့် တင်သွင်းခဲ့သည်ဟု ခန့်မှန်းထားကြသည်။

စားသုံးဆီကုန်သွယ်မှုနှင့် ပွဲစားလုပ်ငန်းတစ်ခုဖြစ်သော GGN Research မှ စီမံခန့်ခွဲရေး မိတ်ဖက်ဆောင်ရွက်သူ Rajesh Patel က မကြာသေးမီကာလ၌ ဈေးနှုန်းများ ပြန်လည်ချိန်ညှိခဲ့မှု အရ စားအုန်းဆီသည် ပဲပုပ်ဆီနှင့် နေကြာဆီတို့ထက် ဝယ်ယူသူများအား ပိုမိုဆွဲဆောင်နိုင်မှု ရှိလာကြောင်း ပြောကြားခဲ့သည်။ ကုန်သည်များ၏ ပြောဆိုချက်အရ ဇွန်လတွင် အိန္ဒိယဆိပ်ကမ်း အရောက်တင်ပို့မည့် သင်္ဘောတင်စရိတ်၊ အာမခံကြေးနှင့် သယ်ယူပို့ဆောင်စရိတ်များ ပါဝင်သော CIF ဈေးနှုန်းသည် စားအုန်းဆီကြမ်းအတွက် ၁ တန်လျှင် ၉၂၀ အမေရိကန်ဒေါ်လာ (မလေးရှား ရင်းဂစ် ၄၃၈၄) ခန့်ရှိပြီး ပဲပုပ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့မှာ ၁ တန်လျှင် ၉၂၀ ဒေါ်လာနှင့် ၉၄၅ ဒေါ်လာခန့် အသီးသီးရှိကြောင်း သိရှိရသည်။ လွန်ခဲ့သော ၁ လခန့်ကမူ စားအုန်းဆီကြမ်း၏ ဈေးနှုန်းသည် အဆိုပါ ပြိုင်ဘက် စားသုံးဆီများထက် ၁ တန်အပေါ်တွင် ဒေါ်လာ ၅၀ ခန့် ပိုမို မြင့်မားနေခဲ့သည်။

ဝယ်ယူသူများအနေဖြင့် နေကြာဆီတင်သွင်းမှုကို လျှော့ချလျက် စားအုန်းဆီသို့ ပြောင်းလဲ ဝယ်ယူလာကြသဖြင့် အိန္ဒိယနိုင်ငံ၏ စားအုန်းဆီ တင်သွင်းမှုမှာ မေလတွင် တန်ချိန် ၇ သိန်းခန့်အထိ မြင့်တက်လာနိုင်သည်ဟု Sunvin Group စားသုံးဆီကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Sandeep Bajoria က ပြောဆိုသည်။

ဧပြီလအတွင်း အိန္ဒိယနိုင်ငံ၏ နေကြာဆီတင်သွင်းမှုမှာ တန်ချိန် ၂၃၃၀၀၀ ခန့်ရှိပြီး ယခင်လထက် ၄၈% ကျဆင်းခဲ့ကြောင်း၊ ပဲပုပ်ဆီတင်သွင်းမှုမှာမူ တန်ချိန် ၃၉၁၀၀၀ ရှိပြီး ၇၉% တိုးတက်လျက် ၁၀ လအတွင်း အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း၊ ပြန်လည်သန့်စင်ထုတ်လုပ်ရာတွင် အမြတ်အစွန်း ပိုမိုရရှိသဖြင့် ထိုကဲ့သို့ တင်သွင်းမှုမြင့်တက်ရခြင်းဖြစ်ကြောင်း၊ စားအုန်းဆီနှင့် ပဲပုပ်ဆီတို့ ကို တင်သွင်းမှုမြင့်မားခြင်းက အိန္ဒိယနိုင်ငံ၏ ဧပြီအတွက် စားသုံးဆီတင်သွင်းမှုကို ၁၃% တိုးတက် လျက် တန်ချိန် ၁.၃ သန်းအထိ ရောက်ရှိစေခဲ့ကြောင်း ကုန်သည်များက ပြောကြားခဲ့ကြသည်။

Source: The Edge Malaysia, 2 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News