Local News

ဧပြီလတစ်လတာ ကာလအတွင်း ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၃၁ သန်း ရရှိထား

Last Updated:

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလတစ်လတာ ကာလအတွင်း ပြည်ပသို့ ပျားရည်တင်ပို့မှုမှ   အမေရိကန်ဒေါ်လာ သုည ဒသမ ၀၃၁ သန်း ရရှိထားကြောင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန  ပျားလုပ်ငန်းဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်၏ ပြောပြချက်အရသိရသည်။  

“၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ တစ်လတာ ကာလအတွင်း ပြည်ပကို ပုဂ္ဂလိကကဏ္ဍကနေ ပျားရည်မက်ထရစ် တန်  ၂၀ ဒသမ ၆ တန်တင်ပို့ပြီး  အမေရိကန်ဒေါ်လာ သုည ဒသမ ၀၃၁ သန်းရရှိ ထားပါတယ်။ ပျားရည်အနေနဲ့ ပန်းပေါင်းစုံ ပျားရည်နဲ့ ရော်ဘာပျားရည်ကို တင်ပို့ပါတယ်။ ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံကို အဓိကတင်ပို့ပါတယ်”ဟု ဦးမျိုးတင့်ကပြောသည်။

ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သို့ ပုဂ္ဂလိကကဏ္ဍမှ ပျားရည်မက်ထရစ်တန် ၂၀ ဒသမ ၆ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၀၃၁ သန်းရရှိထားသည်။

ထိုသို့တင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ ပျားရည်မက်ထရစ်တန် ၂၀ ဒသမ ၁ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၀၁၅၀ ရရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသို့ ပျားရည် မက်ထရစ်တန်  သုည ဒသမ ၅ တန်တင်ပို့ မှုမှ အမေရိကန်ဒေါ်လာ ၇၅၀ ရရှိသည့်အတွက် ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၂၀ ဒသမ ၆  တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ သုည ဒသမ ၀၃၁ သန်းရရှိခဲ့ခြင်း ဖြစ်သည်။ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများသကဲ့သို့ ပြည်ပနိုင်ငံများသို့လည်း တင်ပို့ကြောင်း သိရသည်။ 

Source: https://www.myawady.net.mm

Category: Local News