International News

၂၀၂၄ ခုနှစ်၏ ပထမ (၅) လတွင် အမေရိကန်ဒေါ်လာ ၃၀၈ သန်းပမာဏရှိသည့် ကားတာယာများတင်ပို့သည့် ကမ္ဘောဒီးယား

Last Updated:

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၏ ပထမ (၅) လတွင် ကားတာယာများကို ပြည်ပသို့ အံ့သြဖွယ်ပမာဏတင်ပို့နိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနကထုတ်ပြန်သည့် အချက်အလက်များအရသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၃၀၈ သန်းပမာဏရှိသည့် ကားတာယာများကိုတင်ပို့ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလတွင် အမေရိကန်ဒေါ်လာ ၁၀၁ သန်းဖိုး တင်ပို့ခဲ့ခြင်းဖြစ်သောကြောင့် ရာခိုင်နှုန်းအားဖြင့် ၂၀၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ယခုကဲ့သို့ အထင်ကြီးဖွယ်မြင့်တက်လာခြင်းသည် နိုင်ငံ၌ ကားတာယာစက်ရုံများတည်ရှိမှုမြင့်တက်လာသောကြောင့် နိုင်ငံတကာဈေးကွက်များကို ပိုမိုတင်ပို့လာနိုင်သော‌ကြောင့်ဖြစ်သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ Penn Sovicheat ၏ ပြောကြားချက်အရသိရပါသည်။ Sovicheat က ကားတာယာတင်ပို့မှုသည် ကမ္ဘောဒီးယားနိုင်ငံ၏ ထုတ်ကုန်သစ်ဖြစ်ကြောင်းနှင့် ၎င်းသည် ကမ္ဘောဒီးယားအစိုးရ၏ ‌ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်သို့ တင်ပို့ခြင်းများကိုချဲ့ထွင်ရန်နှင့် တိုးမြှင့်ရန်အတွက် ကြိုးပမ်းအားထုတ်မှုများကို ရောင်ပြန်ဟပ်ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၌ လက်ရှိတွင် ကားတာယာထုတ်လုပ်သည့်စက်ရုံ ၃ ရုံရှိနေပြီး အစိုးရ၏ခွင့်ပြုချက်စောင့်ဆိုင်းနေကြသည့် မြောက်များစွာသော ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများလည်းရှိသေးကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Manet က တချို့ကုမ္ပဏီများသည် လတ်တလောတွင် တာယာများကို ဥရောပဈေးကွက်သို့တင်ပို့နေသည့်အတွက် တာယာတွင် ရင်းနှီးမြှုပ်နှံမည့်စီမံကိန်းသစ် ၂ ခုရှိကြောင်းပြောကြားခဲ့ပါသည်။ မေလတွင် Hun Manet က ပြည်တွင်းမှ တာယာကုမ္ပဏီများအား ပြည်တွင်းမှထုတ်လုပ်သည့် ‌ရော်ဘာများကိုသာ ကုန်ကြမ်းအဖြစ် အသုံးပြုရန်တောင်းဆိုခဲ့ပြီး ရော်ဘာစိုက်ပျိုးရေးသမားများအတွက် ဈေးကွက်ဖန်တီးပေးခဲ့ပါသည်။ ထို့ပြင် တာယာစက်ရုံစီမံကိန်း ၂ ခုကိုလည်း ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် မူအားဖြင့်ခွင့်ပြုထားကြောင်းသိရှိရပါသည်။

 Source: Khmertimes

Source: https://www.doca.gov.mm

Category: International News