International News

၂၀၂၄ခုနှစ်၊ ပထမ(၅)လတွင် တရုတ်နိုင်ငံ၏ကုန်သွယ်မှု ၆.၃ရာခိုင်နှုန်းမြင့်တက်လာ

Last Updated:

၂၀၂၄ ခုနှစ်၊ ပထမ(၅)လတာကာလတွင် တရုတ်နိုင်ငံ၏ကုန်ပစ္စည်းများ ကုန်သွယ်မှုပမာဏစုစုပေါင်းသည် ယွမ် ၁၇.၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂.၄၆ ထရီလီယံ)ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် ပထမ(၅)လတာကာလထက် ၆.၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များ၏ ဖော်ပြချက်အရသိရပါသည်။ ပြည်ပသို့တင်ပို့မှုပမာဏမှာ ယွမ် ၉.၉၅ ထရီလီယံဖြင့် ၆.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ပြည်တွင်းသို့တင်သွင်းမှုမှာ ယွမ် ၇.၅၅ ထရီလီယံဖြင့် ၆.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအဖွဲ့၏ ကိန်းဂဏန်းအချက်အလက်နှင့် လေ့လာစိစစ်ချက်ဌာန၏ ညွှန်ကြားရေးမှူး Lyu Daliang က ယခုနှစ်အစမှစ၍ နိုင်ငံခြားကုန်သွယ်မှုတွင် အပေါင်းလက္ခဏာဆောင်သည့် အခြေအနေများကြောင့် တရုတ်နိုင်ငံ၏စီးပွားရေးမှာ ဆက်လက်နာလန်ထူလာခဲ့ကြောင်းနှင့် မေလ၏ကုန်သွယ်မှုမှာ ၈.၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး လစဉ်တိုးတက်မှုမှာ အရှိန်ရလာကြောင်းပြောကြားခဲ့ပါသည်။ မေလတစ်လတည်းတွင် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ယွမ် ၃.၇၁ ထရီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၈.၆ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်းသိရပါသည်။ ပြည်ပသို့တင်ပို့မှုပမာဏမှာ ယွမ် ၂.၁၅ ထရီလီယံဖြင့် ၁၁.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တင်သွင်းမှုပမာဏမှာ ယွမ် ၁.၅၆ ထရီလီယံဖြင့် ၅.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ JLL Greater China ၏ စီးပွားရေးပါရဂူအကြီးအကဲ Bruce Pang က ယှဉ်ပြိုင်နိုင်စွမ်းရှိသောကုန်ပစ္စည်းများ၊ တရုတ်ယွမ်ငွေ၏ သင့်တင့်မျှတသောငွေလဲနှုန်းနှင့် အကောက်ခွန်နှုန်း မမြှင့်တင်ခင် စောစီးစွာတင်ပို့နိုင်မှုတို့ကြောင့် တရုတ်နိုင်ငံ၏ ပြည်ပသို့တင်ပို့သည့်ပမာဏသည် မေလတွင် ဆက်လက်ကြီးထွားခဲ့ကြောင်းပြောကြားခဲ့ပါသည်။ အကောက်ခွန်အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ပထမ(၅)လတွင် သင်္ဘောများ၊ လျှပ်စစ်ကားများ၊ အိမ်သုံးအသုံးအဆောင်ပစ္စည်းများတင်ပို့မှုမှာ ၁၀၀.၁ ရာခိုင်နှုန်း၊ ၂၆.၃ ရာခိုင်နှုန်းနှင့် ၁၇.၈ရာခိုင်နှုန်းအသီးသီးဖြင့် လျင်မြန်စွာကြီးထွားလာကြောင်းသိရပါသည်။

 Source: CGTN

Source: https://www.doca.gov.mm

Category: International News