Local News

ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငရုတ်သီးခြောက်ပိဿာချိန် ၈၉၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငရုတ်သီးခြောက်ပိဿာချိန် ၈၉၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်စန်းဌေးက ပြောပြ၍ သိရသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ပြီးခဲ့သည့် ဇွန်လက ငရုတ်သီးခြောက် ပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ငရုတ်သီးခြောက် ပိဿာချိန် ၈၉၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှတင်ပို့ရောင်းချခဲ့သည့် ငရုတ်သီးခြောက်ပိဿာချိန် ၁၀ လျှင် ငွေကျပ် ၇၉၀၀၀ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပန်းတနော်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ငရုတ်သီးခြောက်ပိဿာချိန် ၈၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဒေသထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ပန်းတနော်မြို့နယ်ကထွက်တဲ့ ဒေသထွက် ငရုတ်သီးခြောက်တွေက အရည်အသွေးကောင်းပါတယ်။ ငရုတ်သီးခြောက်က အရည်အသွေးကောင်းတော့ ကုန်ပစ္စည်းမှာယူမှုကလဲ များပြားနေပါတယ်။ လက်ရှိ ငရုတ်သီးခြောက်ဈေးက ၁၀ ပိဿာကို ငွေကျပ် ၇၉၀၀၀ ထိပေါက်ဈေးရှိနေပါတယ်” ဟု ပန်းတနော်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်စန်းဌေးက ပြောပြသည်။

ပန်းတနော်မြို့နယ်မှ တောင်သူများသည် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့်ယှဉ်တွဲပြီး ငရုတ်သီးစိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ အဆိုပါဒေသမှ ထွက်ရှိလာသော ငရုတ်သီးခြောက်များသည် အရည်အသွေးကောင်းမွန်ကြောင်း၊ ထိုသို့ ငရုတ်သီးခြောက်များတင်ပို့ရောင်းချရမှု များပြားလာခြင်းကြောင့် တောင်သူများ၊ လုပ်သားများ၊ ကုန်သည်များ၊ ပွဲရုံလုပ်ငန်းရှင်များ အလုပ်အကိုင်အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်စာ

Category: Local News