Local News

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးမြွေထိုးခြောက် ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ငါးမြွေထိုးခြောက်ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မအူပင်မြို့နယ် ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိဖြိုးက ပြောပြ၍ သိရသည်။

မအူပင်မြို့နယ်တွင် ငါးခြောက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် ဒေသထွက်ငါးမြွေထိုးအစိမ်းများကိုဝယ်ယူပြီး စနစ်တကျ အခြောက်လှန်းရောင်းချနေကြောင်း၊ ပြီးခဲ့သည့် ဇွန်လအတွင်း ငါးမြွေထိုးခြောက်ပိဿာချိန် ၇၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ငါးမြွေထိုးခြောက် ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“မအူပင်မြို့နယ်ကနေ ငါးခြောက်တွေကို လစဉ်တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လပထမပတ်လောက်ကတည်းက ရန်ကုန်ဈေးကွက်ကို ငါးမြွေထိုးခြောက်တွေ တင်ပို့ရောင်းချခဲ့ပါတယ်။ ဇူလိုင်လအတွင်း ငါးမြွေထိုးခြောက်ပိဿာချိန် ၇၉၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်က ငါးခြောက်တွေကို မှာယူမှုများနေပါတယ်။ ငါးမြွေထိုးခြောက် လုပ်ငန်းကဒေသထွက် အလုပ်အကိုင်ဖန်တီးပေးတဲ့လုပ်ငန်းပါ။ အခုလိုငါးခြောက်တွေ မှာယူမှုများလာတာကြောင့် ငါးမြွေထိုးခြောက်လုပ်ငန်းနဲ့ ဆက်စပ်သူတွေ အားလုံးအဆင်ပြေလာပါတယ်” ဟု မအူပင်မြို့နယ် ငါးခြောက်မျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်ထံမှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News