Local News

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း စိုက်ပျိုးရေးကောက်ရိုးမှို ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့‌ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇွန်လအတွင်းဒေသထွက် စိုက်ပျိုးရေးကောက်ရိုးမှို ပိဿာချိန် ၇၇၀၀၀ ထိတင်ပို့ရောင်းချခဲ့ရကြောင်း ‌‌မော်လမြိုင်ကျွန်းမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိအေးက ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်းက စိုက်ပျိုးရေးကောက်ရိုးမှို ပိဿာချိန် ၅၂၀၀၀ သာ တင်ပို့‌ရောင်းချနိုင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ စိုက်ပျိုးရေးကောက်ရိုးမှို ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“လက်ရှိ မော်လမြိုင်ကျွန်းမြို့နယ်မှာ စိုက်ပျိုးရေးကောက်ရိုးမှိုတွေ လှိုင်လှိုင်ထွက်ရှိနေပါတယ်။ ဒီဘက်က လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို ပို့တာများတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ကောက်ရိုးမှိုပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ ဇူလိုင်လထဲမှာလဲ မှိုတွေကို ရန်ကုန်ဝယ်လက်တွေက ဝယ်ယူမှုအားကောင်းနေပါတယ်။ ပြည်တွင်းစားသောက်ဆိုင်တွေ၊ ဟိုတယ်တွေက အသုံးပြုတာများလာလို့ ဝယ်ယူမှုအားကောင်းလာတာဖြစ်ပါတယ်။ ဒေသမှာက ကောက်ရိုးမှိုကို ဆောင်းကာလနဲ့ မိုးကာလမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ မှိုအဖူးက အရောင်းအဝယ်ကောင်းပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိအေးက ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှထွက်ရှိသည့် စိုက်ပျိုးရေးကောက်ရိုးမှိုများကို လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များကဝယ်ယူပြီး စနစ်တကျသန့်စင်ကာ ရန်ကုန်ဈေးကွက်သို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ စိုက်ပျိုးရေး ‌ကောက်ရိုးမှိုများကို ဒေသခံစိုက်ပျိုးရေးလုပ်ငန်းရှင်တစ်ဦးလျှင် အရှည်ပေ ၃၀ ရှိ ပေါင် ၁၀ ပေါင်မှ ပေါင်၂၀ ထိစိုက်ပျိုးကြကြောင်း၊ အဆိုပါစိုက်ပျိုးရေးကောက်ရိုးမှို တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀ ထိ ဈေးရရှိနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News