Local News

ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ရက် ၉၀ စပါးတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ရက် ၉၀ စပါးတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာက ပြောပြ၍ သိရသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်းက ရက် ၉၀ စပါးတင်းရေ ၆၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ တစ်လအတွင်း ရက် ၉၀ စပါးတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ ပန်းတနော်မြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပိုင်ရှင်များသည် ဒေသထွက်စပါးများကိုဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“ပန်းတနော်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ပြီးခဲ့တဲ့တစ်လတွင်းမှာ ရက် ၉၀ စပါးအမျိုးအစားတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ပန်းတနော်ဘက်က စပါးနဲ့ဆန်တွေကို ပြည်တွင်းဈေးကွက်က အဝယ်လိုက်နေပါတယ်။ ပန်းတနော်မြို့နယ်ကထွက်တဲ့ စပါးတွေကိုဝယ်ယူပြီး ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ လက်ရှိ စပါးဈေးကလဲ အတက်အကျမရှိ ပုံမှန်အခြေအနေမှာရှိနေပါတယ်။ ရန်ကုန်ဈေးကွက်က ဒီလက်ထဲမှာလဲ ပန်းတနော်ဘက်ကစပါးတွေကို အဝယ်လိုက်နေပါတယ်” ဟု ပန်းတနော်မြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာက ပြောပြသည်။

ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ရက် ၉၀ စပါးတင်းရေ ၁၀၀ လျှင် ငွေကျပ် ၂၁ သိန်း ၅ သောင်းထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဆန်များကို အဆက်မပြတ်တင်ပို့ရောင်းချနေရခြင်းကြောင့် အရောင်းအဝယ်လုပ်ငန်းရှင်များ၊ တောင်သူများ၊ ကုန်တင်ကားအငှားလိုက်သူများ၊ ကုန်တင်၊ ကုန်ချလုပ်သားများ လုပ်ငန်းအဆင်ပြေပြေ လည်ပတ်လျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News