International News

အင်းဆက်နှင့် အင်းဆက်ထုတ်ကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုမည့် စင်ကာပူနိုင်ငံ

Last Updated:

စားသုံးမှုအတွက် အင်းဆက်နှင့် အင်းဆက်ထုတ်ကုန်ပစ္စည်းများ တင်သွင်းခြင်းဆိုင်ရာ Trade Circular ကို စင်ကာပူအစားအစာအေဂျင်စီ (Singapore Food Agency-SFA) က ထုတ်ပြန်ခဲ့သည်။ Trade Circular အရ စားသုံးမှု သို့မဟုတ် တိရိစ္ဆာန်အစာအဖြစ် အင်းဆက်နှင့်အင်းဆက် ထုတ်ကုန်ပစ္စည်းများကို စင်ကာပူနိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဖြစ်သည်။

တင်သွင်းမှုအတွက် မှတ်ပုံတင်ရာ၌ တင်သွင်းသူများသည် စားသုံးမှုအတွက် တင်သွင်းခြင်း ဖြစ်ပါက ပြုပြင်ထားသည့် အစားအသောက်နှင့် အစားအသောက်ဆိုင်ရာ ပစ္စည်းကိရိယာများ တင်သွင်းခြင်းအတွက် မှတ်ပုံတင်ခြင်း (Registration to import processed food and food appliances) နှင့် အစာအဖြစ် မွေးမြူသည့်တိရိစ္ဆာန်များ (Food-producing animals) အတွက် အစာအဖြစ် တင်သွင်းခြင်းဖြစ်ပါက တိရိစ္ဆာန်အစာ တင်သွင်းခြင်းအတွက် မှတ်ပုံတင်ခြင်းတို့ကို SFA တွင် ဆောင်ရွက်ရမည်ဖြစ်သည်။

တင်သွင်းမည့် အင်းဆက်နှင့်အင်းဆက်ထုတ်ကုန်ပစ္စည်းများသည် ယင်းနိုင်ငံမှ တင်သွင်းခြင်း ဖြစ်ကြောင်း ပြည်ပအင်းဆက်ပြုပြင်ထုတ်လုပ်ခြင်းဆိုင်ရာ တစ်ကြိမ်မှတ်ပုံတင်ခြင်း (one-time registration of the overseas insect processing establishment) ကို ဆောင်ရွက်ရမည် ဖြစ်သည်။ မှတ်ပုံတင်မှုတစ်ခုပြီးတိုင်း unique establishment code ရရှိမည်ဖြစ်ပြီး တင်သွင်း မည့် အင်းဆက်နှင့်အင်းဆက်ထုတ်ကုန်ပစ္စည်းများကို စီမံဆောင်ရွက်ရာတွင် Food Safety Management System (FSMS) သို့မဟုတ် Hazard Analysis Critical Control (HACCP) တို့ကို အကောင်အထည်ဖော်ထားကြောင်း အထောက်အထားများကို  မှတ်ပုံတင်ရာ၌ ပူးတွဲတင်ပြရမည် ဖြစ်သည်။

အကောက်ခွန်ရှင်းလင်းခြင်းခွင့်ပြုမိန့် (Cargo Clearance Permit) အတွက် အင်းဆက်နှင့် အင်းဆက်ထုတ်ကုန်ပစ္စည်းများအတွက် HS Code နှင့် Product Code တို့ကို အသုံးပြု၍ TradeNet မှတစ်ဆင့်‌ လျှောက်ထားနိုင်သည်။ တင်သွင်းမည့် အင်းဆက်နှင့်အင်းဆက်ထုတ်ကုန် ပစ္စည်းများသည် အသင့်စား အစားအစာအတွက် အဏုဇီဝစံနှုန်းများနှင့် Food Regulations တွင် ပြဋ္ဌာန်းထားသည့် သတ္တုနှင့် mycotoxins ဆိုင်ရာ ကန့်သတ်ချက်များ စသည့် သတ်မှတ် ဥပဒေ စည်းမျဉ်းစည်းကမ်းများပါ စံသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်သည်။  SFA က တင်သွင်း မည့်အင်းဆက်နှင့်အင်းဆက်ထုတ်ကုန်ပစ္စည်းများကို စစ်ဆေးခြင်းနှင့်အစားအသောက် ဘေးကင်း ရေးစမ်းသပ်မှုတို့ကို ဆောင်ရွက်မည်ဖြစ်သည်။  

အင်းဆက်အရှင် တင်သွင်းလိုပါက Cargo Clearance Permit မလျှောက်ထားမီ National Parks Board (NParks) သို့ အဆိုပြုတင်ပြရမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ အင်းဆက်မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် စင်ကာပူနိုင်ငံသို့ အင်းဆက်နှင့် အင်းဆက်ထုတ်ကုန်ပစ္စည်းများ တင်ပို့လိုပါက တင်သွင်းမှု လမ်းညွှန်ချက်ပါ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များကို ပြည့်မီစေရေး  ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

အင်းဆက်နှင့်အင်းဆက်ထုတ်ကုန်ပစ္စည်းများ တင်သွင်းခြင်းဆိုင်ရာ လမ်းညွှန်ချက်များ

ရင်းမြစ်။        Singapore Food Agency

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News