Local News

မန္တလေးပဲ၊ နှမ်းဈေးကွက်တွင် ပဲကြီးနှင့် မြေထောက်ပဲ အရောင်းအဝယ် ကောင်းမွန်လာ

Last Updated:

မန္တလေးပဲ၊ နှမ်းဈေးကွက်တွင် ပဲကြီးနှင့် မြေထောက်ပဲ အရောင်းအဝယ် ကောင်းမွန်လာကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ပဲ၊ နှမ်း စသည့် ကုန်စည်များထဲတွင် ယခင်က ပဲကြီးနှင့် မြေထောက်ပဲမှာ ပြည်တွင်းဈေးကွက်အတွင်း ဝယ်ယူမှု နည်းခြင်းကြောင့် အရောင်းအဝယ်အေးခဲ့ကြောင်း၊ ယခုလက်ရှိတွင် ပဲကြီးနှင့် မြေထောက်ပဲကို ကုန်သည်များက ဝယ်ယူမှု ပြန်လည်များပြားလာပြီး အရောင်းအဝယ်မှာ အကောင်းဆုံး အနေအထားတွင် ရှိနေကြောင်း သိရသည်။

“ပဲကြီးနဲ့ မြေထောက်ပဲက အရင်တစ်ပတ်လောက်က မန္တလေးဈေးကွက်ထဲ အရောင်းအဝယ် အေးနေခဲ့တယ်။ အခုလက်ရှိမှာတော့ အရောင်းအဝယ်ပြန်ကောင်းမွန်လာတဲ့အပြင် ပြည်ပ ကပါဝယ်ယူမှုတွေ ရှိလာပါတယ်” ဟု ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေး ပဲ၊ နှမ်းဈေးကွက်အတွင်း ယနေ့ ပေါက်ဈေးအရ ပဲကြီး သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ၊ မြေထောက်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။ အလားတူ မန္တလေး ပဲ၊ နှမ်းဈေးကွက်အတွင်း ယနေ့ ပေါက်ဈေးအရ နှမ်းညိုသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၃၅၀၀၀၊ နှမ်းနက်(စမုန်) သုံး တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၅၄၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News