International News

ဗီယက်နမ်နိုင်ငံနှင့်တရုတ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံထိရောက်ရှိရန် မျှော်လင့်ရ

Last Updated:

၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တာကာလတွင် ကုန်သွယ်ရေးအားကောင်းစွာ တိုးတက်လာမှုကြောင့် ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံနှင့်တရုတ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံရောက်ရှိရန် ခန့်မှန်းရကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန(MOIT)၏ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုသည် ၂၀၂၄ ၏ ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၉၅ ဘီလီယံနီးပါးဖြင့် အားကောင်းစွာ ပြန်လည်နာလန်ထူလာကြောင်း သိရပါသည်။ အဆိုပါကာလအတွင်း ဈေးကွက် ကြီးများမှ မှာယူမှုများမှာ သိသာစွာမြင့်တက်ခဲ့ပြီး တင်ပို့မှုလုပ်ရန်အတွက် ထုတ်လုပ်ခြင်း ဆောင်ရွက်ပေးမည့် စက်ယန္တရားနှင့် စက်ပစ္စည်းများတင်သွင်းရန် ဝယ်လိုအားမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ရလဒ်အနေဖြင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် တရုတ်ထံမှ အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံဖိုးတင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇.၈ ဘီလီယံဖိုး ပြန်လည် တင်ပို့ခဲ့ကြောင်း သိရပါသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံအတွက် ပစ္စည်းများအဓိကပံ့ပိုးသည့်နိုင်ငံဖြစ်ပြီး လွန်ခဲ့သည့်(၆)လအတွင်း ဗီယက်နမ်နိုင်ငံ၏တင်သွင်းမှု စုစုပေါင်းတန်ဖိုး၏ ၃၇.၆ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရပါသည်။ အကယ်၍ ပထမနှစ်ဝက် ကုန်သွယ်ရေးကြီးထွားနှုန်းကို ထိန်းနိုင်ခဲ့ပါက နှစ်ကုန်လျှင် နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၉၀ ဘီလီယံရောက်ရှိနိုင်ပြီး ပိုမို ကောင်းမွန်အောင် မြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံထိရောက်ရှိနိုင်ကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ်တွင် ဗီယက်နမ်-တရုတ် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၇၁.၉ ဘီလီယံရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံမှတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆၁.၂ ဘီလီယံရှိကာ အမေရိကန်ဒေါ်လာ ၁၁၀.၆ ဘီလီယံတန်ဖိုး ပြန်လည်တင်သွင်းခဲ့ကြောင်း သိရပါသည်။ စီးပွားရေးလုပ်ငန်းများသည် အာဆီယံ-တရုတ် လွတ်လပ်စွာ ကုန်သွယ်ရေး ဧရိယာ(ACFTA)နှင့် ဒေသတွင်း စဉ်ဆက်မပြတ်စီးပွားရေး မိတ်ဖက်ဆောင်ရွက်မှု (RCEP) တို့ကဲ့သို့သော လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီမှုများထဲမှ အကောက်ခွန်အားသာချက် အကျိုးကျေးဇူးများ ရရှိမှုကြောင့် ရင်းနှီးမြှုပ်နှံမှုများ လျှင်မြန်စွာပြုလုပ်လာကြကြောင်း သိရပါသည်။ အတွင်းကျကျသိသူများကလည်း ၎င်းတို့သည် ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အတွက် အပြန်အလှန်ကုန်သွယ်ရေးတိုးချဲ့ရန်အတွက် လုံလောက်သော အခန်းကဏ္ဍရှိနေသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် စက်တင်ဘာလ၌ ကျင်းပမည့် “ဝန်ဆောင်မှုကဏ္ဍတွင် ကုန်သွယ်ရေးအတွက် တရုတ်နိုင်ငံ တကာပြပွဲ” သည် စွမ်းအင်၊ ချောပို့၊ ကြေးနန်းဆက်သွယ်ရေး၊ ငွေကြေး၊ ပညာရေး၊ ရိုးရာ ယဉ်ကျေးမှု၊ ခရီးသွားကဏ္ဍနှင့် ထောက်ပံ့မှုကွင်းဆက်အစရှိသည့် ကဏ္ဍများကို အဓိကထားကြောင်း သိရပါသည်။ အဆိုပါပြပွဲသည် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံစီးပွားရေးလုပ်ငန်းများအကြား ပိုမိုအားကောင်းသော မိတ်ဖက်ဖြစ်မှုရရှိရန် မျှော်လင့်ရကြောင်း သိရပါသည်။

Source: Vietnam Plus

Source: https://www.doca.gov.mm

Category: International News