International News

ဝယ်လိုအားများမြင့်တက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံမှ ဘာစမာတီဆန်များတင်ပို့မှု တိုးမြင့်လာ

Last Updated:

အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်၊ ဘဏ္ဍာရေးနှစ်၏ (၂)လအတွင်း ဆော်ဒီအာရေးဗီးယားနှင့်အီရတ်တို့ကဲ့သို့သော အနောက်အာရှမှ ဝယ်လိုအားများ တိုးမြင့်လာခြင်းကြောင့် ၁၃ ရာခိုင်နှုန်းခန့် တင်ပို့မှုများတိုးမြင့်လာခဲ့သည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ဆန်တန်ချိန် ၂.၁၈ သိန်းကျော်ဖြင့် ဝယ်လိုအားအများဆုံးနိုင်ငံဖြစ်ပြီး လွန်ခဲ့သည့်နှစ်က ဝယ်ယူတင်သွင်းခဲ့သည့် ဆန်တန်ချိန် ၁.၅၄ သိန်းထက် ၄၁ ရာခိုင်နှုန်း တိုးလာခဲ့ခြင်းဖြစ်သည်။ ငွေတန်ဖိုးအရ အိန္ဒိယနိုင်ငံမှ ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ တင်ပို့မှုသည် လွန်ခဲ့သည့်နှစ်က တန်ဖိုး‌ဒေါ်လာ ၁၇၇ သန်းသို့ ၁၈ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ခြင်း ဖြစ်သည်။

အလားတူပင် ဒုတိယအများဆုံးဝယ်ယူသော အီရတ်နိုင်ငံသို့ ဘာစမာတီဆန်များတင်ပို့မှုသည် တန်ချိန် ၁.၅၇ သိန်းရှိပြီး ယခင်နှစ်ကထက် ၂၇ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ငွေတန်ဖိုးအားဖြင့် လွန်ခဲ့သောနှစ်၏ အလားတူကာလက အီရတ်သို့တင်ပို့ခဲ့သော တန်ဖိုးဒေါ်လာ ၁၃၀.၈၄ သန်းမှ ဒေါ်လာ ၁၆၁.၇၂ သန်းသို့ ၂၃ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

အီရန်နိုင်ငံမှာ အိန္ဒိယနိုင်ငံမှ တတိယအများဆုံးဝယ်ယူသောနိုင်ငံဖြစ်သည်။ သို့သော် အီရန်နိုင်ငံသို့တင်ပို့မှုမှာ လွန်ခဲ့သောနှစ်ကတင်ပို့ခဲ့သော ဆန်တန်ချိန် ၁.၅၃ သိန်းမှ ၁.၁၆ သိန်းသို့ ၂၄ ရာခိုင်နှုန်းခန့် လျော့နည်းသွားခဲ့သည်။ တန်ဖိုးအားဖြင့် အီရန်သို့ ဘာစမာတီဆန်တင်ပို့မှုသည် ဒေါ်လာ ၁၅၅ သန်းမှ ဒေါ်လာ ၁၁၅.၅၃ သန်းသို့ ၂၅ ရာခိုင်နှုန်းခန့် လျော့နည်းသွားခဲ့သည်။

အမေရိကန်နိုင်ငံမှာ စတုတ္ထအများဆုံးဝယ်ယူသောနိုင်ငံဖြစ်ပြီး ဆန်တန်ချိန် ၄၆၅၆၅ တန် တင်ပို့နိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၃ ရာခိုင်နှုန်း တိုးလာခဲ့သည်။ တန်ဖိုးအားဖြင့် ဒေါ်လာ ၄၁.၄၇ သန်းမှ ဒေါ်လာ သန်း ၆၀ သို့ ၄၅ ရာခိုင်နှုန်းတိုးလာခဲ့သည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘာစမာတီဆန် အများဆုံးထုတ်လုပ်တင်ပို့သောနိုင်ငံ ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဘာစမာတီဆန်များတင်ပို့မှုသည် တန်ချိန် ၅.၂၄ သန်းအထိ စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး ပမာဏအားဖြင့် ၁၅ ရာခိုင်နှုန်းတိုးလာပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၅.၈၃ ဘီလီယံကျော်လွန်ခဲ့သည်။ အနောက်အာရှနိုင်ငံများသည် အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်ကို အများဆုံးဝယ်ယူသောနိုင်ငံများဖြစ်ပြီး တင်ပို့ရောင်းချမှု၏ သုံးပုံတစ်ပုံခန့်ရှိသည်။

Source: thehinduburinessline

Source: https://www.doca.gov.mm

Category: International News