Local News

ဈေးဆက်တက်နေတဲ့ မတ်ပဲ နဲ့ စံချိန်တင် ဈေး ကျော်သွားတဲ့ ပဲစင်းငုံ

Last Updated:

မတ်ပဲကတော့ ဈေးဆက်တိုက်ဈေးမြင့်တက်ပါတယ်။ ငွေကြေးဈေးကြောင့် ပစ္စည်းတွေကို လှောင်ထားဆဲအခြေအနေဖြစ်ပြီး အိန္ဒိယနိုင်ငံဝယ်လိုအားကလည်း များနေတာဖြစ်လို့ ဈေးကွက်ထဲအဝင်နဲ့ စားသုံးသူအဝယ်လိုအပ်ချက်တွေ မြင့်နေပြီး ဈေးတွေမြင့်တက်လာတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ တတိယအကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်မယ့် ဝန်ကြီးချုပ် မိုဒီဟာ အစိုးရသစ်ရဲ့ ပထမဆုံးရက် ၁၀၀ စီမံကိန်းမှာ ပဲမျိုးစုံ တင်သွင်းမှုကို လျော့ချမယ့် အစီအစဉ်ပါဝင်နေပေမယ့် အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်တွေကြောင့်  ဈေးကွက်အခြေအနေက မာနေပြီး အများကြီး ကျဆင်းသွားဖို့ရာ လက်တလောမရှိသေးဘူးလို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့  မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၄၃၅၀၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ငွေကျပ် ၃၅၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။ SQ/RC)ကတော့ တစ်တန်ကို    ၃၇၃၅၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀၀ ကျပ်၊ မတ်ပဲ RAW ကတော့ တစ်ပိဿာကို ၅၆၁၅ မှ ၅၆၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅ကျပ်ဈေးမြင့်တက်လာပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၁၀၂၅ မှ ၁၀၄၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ၂ ပတ်ဆက်တိုက် ဈေးအပြောင်းအလဲ မရှိပါဘူး။

ပဲစင်းငုံနီကလည်း လက်ရှိမှာ စံချိန်တင် ဈေးနှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ ပြည်တွင်း ဈေးကွက်တည်ငြိမ်မှု မရှိတာကြောင့် လှောင်ထားတဲ့ အခြေအနေဖြစ်နေပြီး ဈေးကဆက်တိုက် မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံတွင်းမှာလည်း ဈေးမြင့်တဲ့အတွက် ပဲခွဲစက်တွေက မဝယ်တော့လို့ အရောင်းနည်းပြီး အဝယ်တိုးတဲ့အတွက် ဈေးကလည်း မြင့်တက်နေပါတယ်။

ပဲစင်းငုံနီရဲ့ အထွက်နှုန်းက ၂၀ ရာခိုင်နှုန်းထွက် မနည်းလျော့ကျမယ်လို့ ကုန်သည်တွေက ခန့်မှန်းခဲ့လို့ လက်တတော့ လာမယ့်ကာလအတွင်းမှာလည်း အတက်ဈေးနဲ့ပဲ ရှိနိုင်ဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။ ရန်ကုန်စျေးကွက်မှာပဲစင်းငုံနီက တစ်တန်ကို ၄၅၉၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်လိုက်ရင် တစ်တန်ကို ၈၀၀၀၀ နီးပါးဈေးမြင့်တက်လာပါတယ်။

ဈေးဆက်တိုက် မြင့်တက်လာတဲ့ ပဲပုတ်

ပဲပုတ်ကလည်း ဆက်တိုက်ဈေးမြင့်တက်လာပါတယ်။ ပဲပုတ်ဆီ ထုတ်လုပ်ရေး စက်ရုံအတွက် ပဲပုတ်တွေ အဝယ်လိုက်နေလို့ ဈေးကဆက်တိုက် မြင့်တက်နေတာလို့သိရပါတယ်။ ဈေးကွက်အတွင်းမှာတော့ အခြားပဲဆီတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ပဲပုတ်ဆီက ဈေးသင့်တဲ့ အခြေအနေမို့ စားသုံးမှုများပြီး နောက်ပိုင်း အများဆုံး ဆီထုတ်လုပ်လျက်ရှိပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာလည်း ပဲပုတ်(အထွက်တိုး၊ဆီတိုးက )က တစ်ပိဿာကို ၃၈၃၀ မှ ၄၀၀၀  ရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာ ပဲပုတ်(ရှမ်း/ဗမာ)က တစ်အိတ်ကို ၁၉၈၀၀၀ မှ ၂၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ နီးပါး ဈေးမြင့်တက်လာပါတယ်။ ၂ပတ်အတွင်း တစ်အိတ်ကို ၂၅၀၀၀ ‌လောက် ဈေး မြင့်တက်လာတာ ဖြစ်ပါတယ်။

ဈေးပြန်ကျဆင်းလာတဲ့ ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ ဈေးကွက်ထဲ အဝင်များလာတဲ့အပြင် အဝယ်လည်း နည်းသွားတဲ့အတွက်  ဈေးပြန်ကျဆင်းသွားပါတယ်။ နေ့စဉ် ဈေးကွက်ထဲ အဝင်ပိဿာချိန် တစ်ထောင်ကျော် ရှိနေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူရှမ်းက တစ်ပိဿာကို ၉၅၀၀ မှ ၁၁၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်၊ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၁၀၀၀၀ မှ ၁၀၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

Source: AMIA

Source: Awba 

Category: Local News