International News

ဇမ်ဘီယာနိုင်ငံအလယ်ပိုင်းရှိ ၁၀၀ မဂ္ဂါဝပ် ဆိုလာစီမံကိန်းကို တရုတ်ကုမ္ပဏီက ဆောင်ရွက်သွားမည်

Last Updated:

ဇမ်ဘီယာနိုင်ငံအစိုးရသည် နိုင်ငံ၏အလယ်ပိုင်း Chisamba ခရိုင်တွင် ၁၀၀ မဂ္ဂါဝပ်ရှိသော နေရောင်ခြည်စွမ်းအင်သုံး Photovoltaic ပရောဂျက်ကိုတည်ဆောက်ရန် တရုတ်ကုမ္ပဏီ Power China International Group ကို ရွေးချယ်ခဲ့သည်။ Kariba North Bank Extension Power Corporation မှဆောင်ရွက်သော အဆိုပါ စီမံကိန်းသည် ဇမ်ဘီယာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစွမ်းရည်ကိုမြှင့်တင်ရန်နှင့် ဒေသတွင်းစီးပွားရေးအခွင့်အလမ်းများကို ဖွင့်လှစ်ပေးနိုင်ရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်သည်။

ဇမ်ဘီယာ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုအေဂျင်စီသည် ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှုများပြုလုပ်ပြီးနောက် တရုတ်ကုမ္ပဏီမှာ လုပ်ငန်းခွင်တွင် လုပ်ငန်းများစတင်နေပြီဖြစ်သည်။ မြေနေရာ ၁၀၆ ဟက်တာအား ရှင်းလင်းခြင်းပြီးမြောက်ခဲ့ပြီး လက်ရှိတွင် စက်ယန္တရားများအသုံးပြု၍ ဆင့်ပွားရှင်းလင်းခြင်းနှင့် မြေညှိခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ပရောဂျက်ဒီဇိုင်းများအားအပြီးသတ်ပြီး စာရွက်စာတမ်းအတည်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီး Peter Kapala က ဇမ်ဘီယာအစိုးရသည် နိုင်ငံအတွင်း ကြုံတွေ့နေရသော လျှပ်စစ်လိုငွေပြမှု၏ ဆိုးကျိုးများကိုလျော့ပါးစေရန် ရေတိုရေရှည်အစီအမံများကို အကောင် အထည်ဖော်နေကြောင်း မကြာသေးမီက ကြေညာခဲ့သည်။ ယင်းအစီအမံများတွင် နိုင်ငံအလယ်ပိုင်းရှိ အဆိုပါ ဆိုလာစီမံကိန်းအား ယခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ်လုပ်ဆောင်နိုင်ရန် မျှော်မှန်းထားကြသည်။

မိုးခေါင်မှုကြောင့် ဇမ်ဘီယာ ရေအားလျှပ်စစ်စက်ရုံများရှိ ရေပမာဏကိုထိခိုက်စေကာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများနှင့်ကြုံတွေ့နေရသည်။ နိုင်ငံ၏လျှပ်စစ်ဓာတ်အား ၈၀ ရာခိုင်နှုန်းခန့်သည် ရေအားလျှပ်စစ်မှ ရရှိနေခြင်းဖြစ်ပြီး လက်ရှိရရှိနိုင်သော ပျမ်းမျှထုတ်လုပ်နိုင်မှုမှာ ၉၀၀ မဂ္ဂါဝပ်ခန့်ရှိပြီး ပျမ်းမျှလိုအပ်ချက်မှာ ၂၄၀၀ မဂ္ဂါဝပ်ဖြစ်ကြောင်းသိရှိရပါသည်။

Source: Xinhua

Source: https://www.doca.gov.mm

Category: International News