Local News

မန္တလေးဈေးချိုတော်တွင် ကုန်ခြောက်မျိုးစုံနှင့် အဝတ်အထည်ပစ္စည်းများ နိုဝင်ဘာလဒုတိယပတ်မှစ၍ အရောင်း အဝယ်ကောင်းမွန်နေ

Last Updated:

မန္တလေးဈေးချိုတော်တွင် ကုန်ခြောက်မျိုးစုံနှင့် အဝတ်အထည်ပစ္စည်းများ နိုဝင်ဘာလဒုတိယပတ်မှစ၍ အရောင်း အဝယ်ကောင်းမွန်နေကြောင်း အဆိုပါဈေးအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောပြ၍ သိရသည်။ မန္တလေးမြို့တွင် စည်ပင်ပိုင်ဈေးပေါင်း ၄၀ ကျော်ရှိသည့်အနက် ဈေးချိုတော်မှာ အဝတ်အထည် လူသုံးကုန်၊ စားသောက်ကုန်၊ အသီးအနှံအပါအဝင် အခြားပစ္စည်းအမျိုးမျိုးကို လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချပေးနေသည့် ဈေးကြီးတစ်ခုဖြစ်ကြောင်း၊ ဈေးချိုတော်တွင် ယခုလက်ရှိ ကုန်ခြောက်နှင့် အဝတ်အထည်ပစ္စည်းများ နိုဝင်ဘာလဒုတိယမှစ၍ အရောင်းအဝယ် ကောင်းမွန်လာကြောင်း သိရသည်။ “အခုဈေးချိုတော်မှာ ကုန်ခြောက်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ အရောင်းအဝယ်ပိုပြီးဖြစ်လာတယ်။ လတ်တလော ကုန်ခြောက်တွေ ဝယ်ယူမှုများနေလို့ အရောင်းအဝယ်အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်” ဟု အဆိုပါဈေး အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောပြသည်။ အလားတူ မန္တလေးဈေးချိုတော်သို့ တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာသည့် အဝတ်အထည်များအပါအဝင် အခြားလူသုံးကုန်ပစ္စည်းများလည်း အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ “မန္တလေးဈေးချိုတော်ကနေ အဝတ်အထည်စားသောက်ကုန်နဲ့ အခြားလူသုံးကုန်ပစ္စည်းအမျိုးမျိုးဖြန့်ချိပေး နေတာဖြစ်ပါတယ်။ အခုဈေးချိုတော်မှာ ကုန်ခြောက်တွေဖြစ်တဲ့ ငရုတ်၊ ကုလားပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စတဲ့ ကုန်ခြောက်ပစ္စည်းတွေက ရောင်းအားအကောင်းဆုံးဖြစ်နေပြီး အဝတ်အထည်ကတော့ ဒုတိယရောင်းအားအကောင်းဆုံး ကုန်ပစ္စည်းတွေပဲ ဖြစ်ပါတယ်” ဟု အဆိုပါဈေး အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News