ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငရုတ်သီးခြောက် ပိဿာချိန် ၈၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ညောင်တုန်းမြို့နယ်စားသောက်ကုန် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာက ပြောပြသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်း ငရုတ်သီးခြောက်ပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ ငရုတ်သီးခြောက်ပိဿာချိန် ၈၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှ တင်ပို့ရောင်းချခဲ့သည့် ငရုတ်သီးခြောက်ပိဿာချိန် ၁၀ လျှင် ငွေကျပ် ၈၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ညောင်တုန်းမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ထဲကို အောက်တိုဘာလအတွင်း ငရုတ်သီးခြောက်ပိဿာချိန် ၈၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ညောင်တုန်းမြို့နယ်က ထွက်တဲ့ငရုတ်သီးခြောက်တွေက အရည်အသွေးကောင်းပါတယ်။ ငရုတ်သီးခြောက်တွေက အရည်အသွေးကောင်းတော့ မှာယူမှုများပြီး တင်ပို့အားကောင်းခဲ့တာပါ။ လက်ရှိငရုတ်သီးခြောက်ပိဿာချိန် ၁၀ လျှင် ငွေကျပ် ၈၀၀၀၀ ထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်ဈေးကွက်က ဝယ်လက်တွေနဲ့ ချိတ်ဆက်ထားပါတယ်” ဟု ညောင်တုန်းမြို့နယ်စားသောက်ကုန် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာထံမှ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ