Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ပင်လယ်စာခုံးပိဿာချိန် ၈၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်းက ပင်လယ်စာခုံး ပိဿာချိန် ၈၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မိုးမြင့်က ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်တွင် သဘာဝအတိုင်း ဖမ်းယူရရှိသည့် ပင်လယ်စာခုံးများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဧပြီလအတွင်း ပင်လယ်စာခုံးပိဿာချိန် ၅၆၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပင်လယ်စာခုံးများ ပိဿာချိန် ၈၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ ပင်လယ်စာခုံးများကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်လျက်ရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့ မေလထဲမှာ ပင်လယ်စာခုံးတွေ အဝယ်လိုက်ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်မှာကို အဝယ်လိုက်နေတာပါ။ အရင်လတွေကထက် ကုန်ချိန်တွေ ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ ဖျာပုံမြို့နယ်ဘက်က ငါးတွေ၊ ပုစွန်တွေ၊ ကဏန်းတွေအပြင် ပင်လယ်စာခုံးကို သဘာဝအတိုင်း ရှာဖွေဖမ်းယူရရှိကြတာဖြစ်ပါတယ်။ ဒေသထွက် ပင်လယ်စာခုံးတွေကို ဖျာပုံမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချပါတယ်။ အခုအ‌‌ရောင်းအဝယ်တွေ ပုံမှန်ထက် ပိုမိုအ‌ရောင်းသွက်လာတော့ ရေလုပ်သားတွေ၊ ကုန်သည်တွေ အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေနေပါတယ်” ဟု ဖျာပုံမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မိုးမြင့်က ပြောပြသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့‌ရောင်းချခဲ့သည့် ပင်လယ်စာခုံး ၁၀ ပိဿာလျှင်  ငွေကျပ် ၁၉၅၀၀၀ ရရှိကြောင်း၊ အဆိုပါ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် ပင်လယ်စာခုံးအပါအဝင် ငါးအမျိုးမျိုး၊ ပုစွန်အမျိုးမျိုးနှင့် ကဏန်းများကိုဝယ်ယူပြီး စနစ်တကျသန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News