အောင်လံကုန်စည်ဒိုင်သို့ သီးနှံမျိုးစုံဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုတစ်ပတ်အတွင်း ပဲစဉ်းငုံစျေး အနည်းငယ်ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ ပဲစဉ်းငုံသီးနှံကို ရန်ကုန်ဘုရင့်နောင်မှတစ်ဆင့် ပြည်ပသို့တင်ပို့လျက်ရှိပြီး ရန်ကုန်စျေးကွက်နှင့် အိန္ဒိယစျေးကွက်ဝယ်လိုအားနည်းခြင်းအပေါ် စျေးနှုန်းကျဆင်းလာခြင်းဖြစ်ပါသည်။ ပဲစဉ်းငုံသီးနှံ စျေးကွက် ထဲသို့ အဝင်နည်းလာခြင်း၊ လှောင်လက်များ၌သာ ကုန်လက်ကျန်ရှိနေခြင်းများကြောင့် တစ်ရက်လျှင် စျေးကွက်ထဲသို့ အိတ်ရေ ၁၀၀၀ မှ ၁၅၀၀အတွင်းသာဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး နောက်ဧပြီလတွင်စျေးကွက်ထဲသို့ ပဲစဉ်းငုံမှာယခုထက် ပို၍အဝင်ပါးသွားနိုင်ကြောင်း၊ ထို့အပြင် ငွေလွှဲထုတ်ယူရာတွင်လည်း လွှဲငွေအားတစ်ကြိမ်တည်း ထုတ်ယူ၍မရဘဲ အကြိမ်ကြိမ် ထုတ်ယူနေရ သည့် အခက်အခဲများလည်းရှိနေ၍ အရောင်းအဝယ်မှာ အကျစျေးဖြင့်စျေးအေးနေကြောင်း ကုန်သည်တစ်ဦးထံမှသိရှိရသည်။
ပဲစဉ်းငုံသီးနှံသည် မတ်လ၏ပထမပတ်တွင် ပဲစဉ်းငုံ ၂၀ ပိဿာတစ်တင်းလျှင် ကျပ် (၉၄၀၀၀/ ၉၄၃၀၀/ ၉၄၇၀၀/ ၉၄၈၀၀)မှ မတ်လ၏ဒုတိယပတ်တွင် ပဲစဉ်းငုံ ၂၀ ပိဿာ တစ်တင်းလျှင် ကျပ်(၉၁၄၀၀/၉၁၇၀၀/၉၂၀၀၀/၉၂၅၀၀)အထိ ယခုတစ်ပတ်အတွင်းစျေးကျဆင်းလာကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး