ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကွမ်းသီးခြောက်ပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ်မှ ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သက်စုခင်က ပြောပြသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် မတ်လအတွင်းက ကွမ်းသီးခြောက်ပိဿာချိန် ၉၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ တစ်လအတွင်း ကွမ်းသီးခြောက်ပိဿာချိန် ၁၂၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကွမ်းသီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ဧပြီလအတွင်းက ကွမ်းသီးခြောက်ပိဿာချိန် အများအပြား ရန်ကုန်ဈေးကွက်ထဲ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချတဲ့ ကွမ်းသီးခြောက်တွေက အရည်အသွေးကောင်းတဲ့အပြင် စနစ်တကျသန့်စင်ထုပ်ပိုးပြီး တင်ပို့တာဖြစ်ပါတယ်။ လက်ရှိဓနုဖြူမြို့နယ်ကထွက်ရှိတဲ့ ကွမ်းသီးခြောက်တွေကို ရန်ကုန်ဈေးကွက်အပြင် အခြားဒေသတွေကပါ ဝယ်ယူမှုများပြားနေပါတယ်” ဟု ဓနုဖြူမြို့နယ်မှ ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သက်စုခင်က ပြောပြ၍ သိရသည်။ ဓနုဖြူမြို့နယ်တွင် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်ကွမ်းသီးများကိုဝယ်ယူပြီး ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါကွမ်းသီးခြောက် အရောင်းအဝယ်ကောင်းမွန်လာခြင်းကြောင့် ကွမ်းသီးစိုက်ပျိုးသူများ၊ ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ အဆင်ပြေလာကြောင်း ဓနုဖြူမြို့နယ်မှ ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သက်စုခင်က ပြောပြ၍ သိရသည်။
Source: ရတနာပုံသတင်းစာ