Local News

အထက်မင်းလှမြို့နယ်တွင် ကွမ်းသီးဈေးနှုန်းတည်ငြိမ်ပြီး ကွမ်းရွက်ဈေးနှုန်းမြင့်တက်လျက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီလက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင် ခန့်ရှိပြီး ကွမ်းစိမ်းနှင့် ကွမ်းရွက်ဝါ(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကိုပိုအစားများကြကြောင်း သိရှိရပါသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ကွမ်းရွက်ဝါ(၁)ပိဿာလျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၁၂၀၀၀-၁၈၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကွမ်းစားထုံး(၁) လီတာ(၁)ဘူးလျှင် ကျပ်(၁၀၀၀)၊ ကွမ်းစားနှပ်ဆေး (၁)ထုပ်လျှင် ကျပ်(၆၀၀)၊ ဗမာဆေး (၁)ထုပ်လျှင် ကျပ်(၅၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင် ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက် ရောင်းချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ(၅)ပိဿာမှ (၆)ပိဿာထိပုံမှန်ရောင်းချရပါကြောင်း၊ ကွမ်းသီးနှင့် အခြားကွမ်းပစ္စည်းဈေးနှုန်းများမှာ တည်ငြိမ်နေသော်လည်း ကွမ်းရွက်ဈေးနှုန်းမှာ သယ်ယူစရိတ်မြင့်မားခြင်း၊ ကွမ်းထွက်ရှိရာဒေသတချို့၌ ကွမ်းခြံများရေနစ်မြှပ်ခြင်းတို့ကြောင့် ဩဂုတ်လ(ဒုတိယပတ်)ထက် ယခု(တတိယပတ်)တွင် ကျပ်(၅၀၀၀ မှ ၆၀၀၀)ထိဈေးမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News