Local News

ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ကွမ်းသီးစိမ်းအလုံးရေ ၉၀၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်း‌ဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကွမ်းသီးစိမ်း အလုံးရေ ၉၀၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီမော်က ပြောပြသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇွန်လအတွင်း ကွမ်းသီးစိမ်းအလုံးရေ ၅၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကွမ်းသီးစိမ်းအလုံးရေ ၉၀၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကွမ်းသီးစိမ်းအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၈၅၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

“ပန်းတနော်မြို့နယ်ကထွက်တဲ့ ကွမ်းသီးစိမ်းကို အခြားဒေသက အမှာများလို့ ရန်ကုန်ဈေးကွက်ကို ဒေသထွက် ကွမ်းသီးစိမ်းတွေ တင်ပို့နေရတာဖြစ်ပါတယ်။ တင်ပို့တဲ့ ကွမ်းသီးတွေအရည်အသွေးကောင်းပြီး သန့်ရှင်းပါတယ်။ လက်ရှိ ကွမ်းသီးစိမ်းအလုံး ၁၀၀ ကို ငွေကျပ် ၈၅၀၀ ထိ ပေါက်ဈေးရှိနေပါတယ်။ ရန်ကုန်ဈေးကွက်ကို ကွမ်းသီးစိမ်းတွေ အများအပြားတင်ပို့ရောင်းချအားကောင်းလာတော့ ကွမ်းသီးစိုက်ပျိုးရေလုပ်ငန်းလုပ်ကိုင်သူတွေ လုပ်ငန်းအဆင်ပြေနေပါတယ်” ဟု ပန်းတနော်မြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီမော်က ပြောပြသည်။

ပန်းတနော်မြို့နယ်ကထွက်ရှိသည့် ကွမ်းသီးစိမ်းများကို ကုန်သည်များက ကွမ်းသီးခြံများသို့ သွားရောက်ဝယ်ယူကာ စနစ်တကျရွေးချယ်ထုပ်ပိုးပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News