Local News

ဟင်္သာတမြို့နယ်တွင် ပဲလွမ်းဖြူများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်း‌‌ဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ပဲလွမ်းဖြူများ အရောင်းအဝယ်‌ကောင်းမွန်နေကြောင်း ဟင်္သာတမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ခိုင်ခိုင်ဦးက ပြောပြ၍ သိရသည်။ ဟင်္သာတမြို့နယ်တွင် ဩဂုတ်လ ဒုတိယပတ်မှစတင်၍ ဩဂုတ်လ ၂၁ ရက်နေ့ထိ ပဲလွမ်းဖြူများဝယ်ယူမှုများပြားနေပြီး အရောင်းအဝယ်ကောင်းမွန်လာကြောင်း၊ အဆိုပါ ပဲလွမ်းဖြူများဝယ်ယူမှုများပြားလာခြင်းသည် ဒေသထွက် ပဲလွမ်းဖြူများကို ရန်ကုန်ဈေးကွက်က ဝယ်ယူအားကောင်းလာပြီး ဒေသထွက်ပဲလွမ်းဖြူများ လက်ကျန်နည်းနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ဒေသထွက် ပဲလွမ်းဖြူတွေကို ဒေသဈေးကွက်အပြင်အခြားနယ်တွေကပါ အဝယ်လိုက်နေပါတယ်။ အခုဩဂုတ်လ ဒုတိယပတ်လောက်ကစပြီး သိသိသာသာ အဝယ် လိုက်နေတာဖြစ်ပါတယ်။ ဒေသထွက် ပဲလွမ်းဖြူတွေကို ရန်ကုန်ဈေးကွက်ကအဝယ်လိုက်နေပါတယ်။ ပဲအထွက်နည်းလာတာနဲ့ အဝယ်လိုက်ပြီး အရောင်းသွက်နေတာဖြစ်ပါတယ်။ လက်ရှိဒေသမှာတော့ ပဲလွမ်းဖြူအသစ်တွေမထွက်သေးပါဘူး။ ဒေသမှာပဲလွမ်းဖြူက ဆောင်းသီးနှံတွေ သိမ်းချိန်မှာ အထွက်များပါတယ်” ဟု ဟင်္သာတမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ခိုင်ခိုင်ဦးက ပြောပြသည်။

ဟင်္သာတမြို့နယ်တွင် ပဲလွမ်းဖြူ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၃၉၅၀၀ ထိပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ လယ်ယာထွက်ကုန် ရောင်းဝယ်ရေးပိုင်ရှင်များသည် ဒေသထွက်လယ်ယာထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိပြီး ပဲလွမ်းဖြူအပြင် မတ်ပဲ၊ ပဲတီစိမ်း၊ ပြောင်းနှင့် စပါး၊ ဆန်စသည့် ဒေသထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိကြောင်း ဟင်္သာတမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခိုင်ခိုင်ဦးထံမှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News