Local News

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း နှံကားစပါးတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း နှံကားစပါးတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဝါးခယ်မမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြတ်က ပြောပြသည်။ ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်းနှံကားစပါးတင်းရေး ၆၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဩဂုတ် ၁ ရက်မှ ၃၁ ရက်ထိ နှံကားစပါးတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ စပါးအမျိုးအစားသည် စပါးအကြမ်းအုပ်စုတွင် ပါဝင်သော်လည်း အသုံးပြုမှုများသော စပါးအမျိုးအစားဖြစ်ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း နှံကားစပါးတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ဝါးခယ်မမြို့နယ်ကနေ လယ်ယာထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချနေတာပါ။ နှံကားစပါးက အကြမ်းအုပ်စုထဲမှာပါတဲ့ စပါးအမျိုးအစားဖြစ်ပါတယ်။ စပါးအကြမ်းဆိုပေမဲ့လဲ အခြေခံလူတန်းစားတွေ ပိုမိုကြိုက်နှစ်သက်ပြီး စားလို့ အဆင်ပြေတဲ့စပါး ဖြစ်ပါတယ်။ အဲဒီစပါးတွေကို ရန်ကုန်ဘက်က ဝယ်ယူမှုများနေလို့ တင်ပို့အားကောင်းခဲ့တာပါ။ နှံကားစပါးကို ရန်ကုန်ဈေးကွက်က အခုလထဲမှာလဲ အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပါတယ်” ဟု ဝါးခယ်မမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြတ်က ပြောပြသည်။ ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း တင်ပို့ရောင်းချခဲ့သည့် နှံကားစပါးတင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၈၅၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News