ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်တွင် ကန်စွန်းဥများ ဝယ်ယူမှုကောင်းမွန်နေကြောင်း ကျိုက်လတ်မြို့နယ် လယ်ယာထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြသည်။ ကျိုက်လတ်မြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ယနေ့ထိဒေသထွက် ကန်စွန်းဥများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ကန်စွန်းဥများပေါ်နေချိန်ဖြစ်ပြီး ကန်စွန်းဥ တစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ကန်စွန်းဥ အမျိုးအစားက မြန်မာကန်စွန်းဥနဲ့ ကိုရီးယား ကန်စွန်းဥဆိုပြီး အမျိုးအစား နှစ်မျိုးရှိပါတယ်။ ဒီဘက်ဒေသမှာတော့ တောင်သူတွေက ကန်စွန်းဥ အမျိုးအစားနှစ်မျိုးစလုံးကို စိုက်ပျိုး ကြပါတယ်။ အခုလို ကန်စွန်းဥတွေ ပေါ်နေတဲ့အချိန် အရောင်းအဝယ်ကောင်းမွန်နေတော့ ကန်စွန်းဥစိုက်တဲ့ တောင်သူတွေ ဈေးကောင်းရသလို လယ်ယာလုပ်သားတွေလဲ အဆင်ပြေလာတာတွေ့ရတယ်” ဟု ပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြ၍ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ