ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ကွမ်းသီးအစိမ်းအလုံးရေ အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးသက်က ပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်းက ကွမ်းသီးအစိမ်း အလုံးရေ ၅၈၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ ကွမ်းသီးအစိမ်း အလုံးရေ ၈၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း အဆိုပါကွမ်းသီးအစိမ်းအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၁၃၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ ပြည်ပဈေးကွက်က ဝယ်ယူမှုများလာလို့ ရန်ကုန်ဈေးကွက်ကို အများအပြားတင်ပို့နေရတာဖြစ်ပါတယ်။ တင်ပို့နေရတဲ့ ကွမ်းသီးကတော့ အရည်အသွေးကောင်းဖို့၊ သန့်ရှင်းဖို့လဲ လိုပါတယ်။ လတ်ရှိကွမ်းသီးအစိမ်း အလုံး ၁၀၀ ကို ငွေကျပ် ၁၃၀၀၀ ထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်ဈေးကွက်ကို ကွမ်းသီးအစိမ်းတွေ အများအပြားတင်ပို့မှုများလာတော့ ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေလုပ်ငန်းအဆင်ပြေစွာ လည်ပတ်လုပ်ကိုင်နေပါတယ်” ဟု ကျိုက်လတ်မြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးသက်က ပြောပြသည်။ ကျိုက်လတ်မြို့နယ်မှ ထွက်ရှိသည့်ကွမ်းသီးအစိမ်းများကို ကုန်သည်များက ကွမ်းသီးခြံများအရောက် သွားရောက်ဝယ်ယူပြီးစနစ်တကျ ရွေးချယ်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်ဈေးကွက်မှတစ်ဆင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ