Local News

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ထွက်ရှိသည့် ကုလားပဲများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်မှ ထွက်ရှိသည့် ကုလားပဲများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ဟင်္သာတမြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိခိုင်က ပြောပြ၍ သိရသည်။ ဟင်္သာတမြို့နယ်တွင် ဒီဇင်ဘာလဒုတိယပတ်မှ စတင်ပြီး ယနေ့ထိ ကုလားပဲများ အဝယ်လိုက်လာကာ အရောင်းအဝယ်ကောင်းမွန်ကြောင်း၊ အဆိုပါ ကုလားပဲများ တစ်ပတ်လျှင် ၁၆ ပြည်ဝင်အိတ်ရေ ၃၅၀၀၀ မှ ၅၅၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ “ကုလားပဲတွေက အရင်ထက်တော်တော်လေး အရောင်းအဝယ်ကောင်းလာပါတယ်။ ပြည်တွင်းစားသုံးမှု များလာတာကြောင့် အခုလို အရောင်းအဝယ်ကောင်းလာတာပါ။ လက်ရှိအရောင်းအဝယ်လုပ်နေတဲ့ ကုလားပဲတွေက ဆောင်းကာလကျန်တဲ့ပဲအဟောင်းတွေပါ။ အရောင်းအဝယ်ကောင်းလာတော့ ကုလားပဲစိုက်ပျိုးသူတွေ၊ ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိလာတာတွေ့ရပါတယ်။ လက်ရှိဒေသထွက် ကုလားပဲတွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကပါ ဝယ်ယူမှုကောင်းလာပါတယ်’ ဟု ဟင်္သာတမြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိခိုင်က ပြောပြသည်။ ဟင်္သာတမြို့နယ်တွင် ကုလားပဲများအပါအဝင် အခြားပဲများကို စနစ်တကျသန့်စင်ပြီး ရန်ကုန်ဈေးကွက်နှင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ကုလားပဲ ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ဟင်္သာတမြို့နယ်မှ ပဲမျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိခိုင်က ဆက်လက်ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News