ဥရောပသမဂ္ဂတွင် ယူရိုငွေကြေးတစ်ခုတည်းကိုသာ သုံးစွဲသော ယူရိုငွေကြေးနယ်ပယ်၏ ငွေကြေးဖောင်းပွမှုသည် မျှော်လင့်ထားသည်ထက် အနည်းငယ် လျော့နည်းလာသော် လည်း စတုတ္ထသုံးလပတ်၏ ဒုတိယလတွင် ဆက်တိုက် ပြန်လည်မြင့်တက်လာခဲ့ပါသည်။
သို့သော်လည်း ဂျာမနီ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာမူ ယူရိုဇုန်ငွေကြေးဖောင်းပွမှုနှုန်း၏ ပျမ်းမျှအထက်တွင် ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။
လူဇင်ဘတ်အခြေစိုက် စာရင်းအင်းရုံး (Eurostat)၏ ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ပျမ်းမျှစားသုံးသူစျေးနှုန်းများသည် ခန့်မှန်းထားသည့် ၂.၃ ရာခိုင်နှုန်း ထက်အနည်းငယ်လျော့နည်းကာ ၂.၂ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ကြောင်းနှင့် အောက်တိုဘာလ တွင် ၂ ရာခိုင်နှုန်း၊ စက်တင်ဘာလတွင် ၁.၇ ရာခိုင်နှုန်းခန့် အသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
ယူရိုဇုန်နိုင်ငံတစ်ခုချင်းစီ၏ ငွေကြေးဖောင်းပွမှုကို နှိုင်းယှဉ်ကြည့်ပါက ဘယ်လ်ဂျီယံနိုင်ငံ တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ၄.၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ ယူရိုငွေကြေး တစ်ခုတည်းကို မသုံးစွဲရသေးသည့် ရိုမေးနီးယားနိုင်ငံတွင် ၅.၄ ရာခိုင်နှုန်းနှင့် ခရိုအေးရှား နိုင်ငံတွင် ၄ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံးဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဂျာမနီ၏ငွေကြေးဖောင်းပွမှုမှာ ပျမ်းမျှ ၂.၄ ရာခိုင်နှုန်းအထက်တွင် ရှိနေဆဲဖြစ်သော်လည်း ပြင်သစ်နှင့် အီတလီတို့မှာမူ ၂ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်းနှင့် နှစ်စဉ်ငွေကြေးဖောင်းပွမှု အနိမ့်ဆုံးနိုင်ငံများမှာ အိုင်ယာလန်၊ လစ်သူယေးနီးယားနှင့် လူဇင်ဘတ်တို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ရုရှားမှ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် ၁၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ရောက်ရှိခဲ့သော ငွေကြေးဖောင်းပွမှုနှုန်းသည် အမြင့်ဆုံး အခြေအနေမှ တဖြည်းဖြည်းကျဆင်းလာခဲ့ပြီဖြစ်ရာ ယင်းသည် ဥရောပဗဟိုဘဏ် (ECB) ၏ ကာလလတ်သတ်မှတ်ချက်ဖြစ်သော ၂ ရာခိုင်နှုန်းနှင့် လိုက်လျောညီထွေရှိနေကြောင်း သိရှိရပါသည်။
တစ်ချိန်တည်းတွင်ပင် ယူရိုဇုန်၏ ဆောက်လုပ်ရေးကဏ္ဍ ထုတ်လုပ်မှုသည် စက်တင်ဘာလတွင် ကျဆင်းသွားခဲ့ပြီးနောက် အောက်တိုဘာလတွင် ပြန်လည်အားကောင်း လာခဲ့ကြောင်း ဖော်ပြထားပါသည်။ Eurostat ၏ ကိန်းဂဏန်းအချက်အလက်များအရ ဆောက်လုပ်ရေးကဏ္ဍ၏ ထုတ်ကုန်များသည် စက်တင်ဘာလတွင် ၀.၃ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပြီးနောက် အောက်တိုဘာလတွင် ၁ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်လာ ခဲ့ကြောင်း၊ ယင်းသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွင် အကြီးမားဆုံးသော တိုးတက်မှုကို ကိုယ်စားပြုကြောင်း ဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက အောက်တိုဘာလတွင် မြို့ပြအင်ဂျင်နီယာ လုပ်ငန်းများ၌ ၁.၆ရာခိုင်နှုန်း၊ အဆောက်အဦလုပ်ငန်းများ၌ ၀.၇ ရာခိုင်နှုန်းနှင့် ယူရို ဧရိယာရှိ အထူးဆောက်လုပ်ရေးလုပ်ငန်းများ၌ ၀.၅ ရာခိုင်နှုန်း အသီးသီးတိုးတက်မှုရှိလာ သည်ဟု လေ့လာသူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဆောက်လုပ်ရေးကဏ္ဍထုတ်လုပ်မှုတွင် လစဉ်တိုးတက်မှု အများဆုံးရှိသော နိုင်ငံများ အဖြစ် စလိုဗက်ကီးယား၊ သြစတြီးယား၊ ဟန်ဂေရီနှင့် ပေါ်တူဂီနိုင်ငံတို့ကို မှတ်တမ်းတင် နိုင်ခဲ့ပြီး ရိုမေးနီးယားနှင့် ပိုလန်တို့တွင် တိုးတက်မှုလျော့နည်းသွားကြောင်း ဖော်ပြထား ပါသည်။
Source: https://www.dw.com/en/eurozone-inflation-rises-less-than-expectedmore- in-germany/a-71093182
စီးပွားရေးသံမှူး၊ ဘာလင်