International News

ကုန်သွယ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးစကားပြောကြရန် ထိုင်းနိုင်ငံနှင့် ဘူတန်နိုင်ငံတို့ပြင်ဆင်နေ

Last Updated:

ထိုင်းနိုင်ငံနှင့်ဘူတန်နိုင်ငံတို့သည် ယခုလတွင်ကျင်းပမည့် (၅) ကြိမ်မြောက် ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေး၌ နှစ်ဖက်ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂၀ မီလီယံထိရောက်ရှိရန် ကူညီပေးမည့် လွတ်လပ်စွာကုန်သွယ်‌ရေးသဘောတူညီချက်အတွက် ဆွေးနွေးရန်ပြင်ဆင်နေကြပါသည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Napintorn Srisunpang က ဘူတန်နိုင်ငံ စက်မှု၊ စီးပွားရေးနှင့် အလုပ်သမားရေးရာဝန်ကြီး Namgyal Dorji ၏ ဖိတ်ကြားချက်အရ ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဘူတန်နိုင်ငံ Thimphu ကိုသွားရောက်ကာ (၅) ကြိမ်မြောက် ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး လွတ်လပ်စွာကုန်သွယ်‌ရေးသဘောတူညီချက်အတွက် ပထမအကြိမ်ဆွေးနွေးမည်ဟုပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် အဓိကဆွေးနွေးမည့် အကြောင်းအရာများမှာ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန်၊ စိုက်ပျိုးရေး၊ လက်မှုပစ္စည်း၊ ခရီးသွားကဏ္ဍအစရှိသည့် ကဏ္ဍပေါင်းစုံတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်နှင့် နည်းပညာအတွေ့အကြုံများဝေမျှပေးရန်နှင့် လယ်ယာထွက်ကုန်များ နှစ်ဦးနှစ်ဖက်ကုန်သွယ်မှုမြှင့်တင်ရန်တို့ဖြစ်ကြောင်းသိရပါသည်။ ထို့ပြင် ထိုင်းနိုင်ငံသည် လွတ်လပ်စွာကုန်သွယ်‌ရေးသဘောတူညီ ချက်အတွက် စတင်ဆွေးနွေးရာ၌ ဘူတန်နိုင်ငံနှင့် လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။ Napintorn က လွတ်လပ်စွာကုန်သွယ်‌ရေးသဘောတူညီမှုသည် နှစ်ဦးနှစ်ဖက်ကုန်သွယ်‌ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက်အရေးပါပြီး ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုအမေရိကန်ဒေါ်လာ ၁၂၀ မီလီယံအထိရောက်ရှိရန် ရည်ရွယ်ထားကြောင်းပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၏ ပထမသုံးလတာကာလတွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃.၀၆ သန်းရှိခဲ့ပြီး ထိုင်းနိုင်ငံမှ ဘူတန်နိုင်ငံသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃.၀၃ သန်းရှိကြောင်းနှင့် ပြန်လည်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၃သောင်းရှိခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံမှ  ဘူတန်နိုင်ငံသို့ ကွန်ပျူတာများ၊ ကွန်ပျူတာအစိတ်အပိုင်းများ၊ ချည်ထည်များ၊ ဂျုံ၊ လျှပ်စစ်ပစ္စည်းများနှင့် သစ်သီးခြောက်များတင်ပို့ခဲ့ပြီး ဘူတန်နိုင်ငံထံမှ လေယာဉ်ထုတ်လုပ်မှုပစ္စည်းကိရိယာများ၊ အစိတ်အပိုင်းများ၊ သတ္တုပစ္စည်းများ၊ လက်မှုပစ္စည်းများနှင့် ရှီးပတီးပင်များကိုတင်သွင်းကြောင်းသိရပါသည်။

 Source: Bangkok Post

Source: https://www.doca.gov.mm

Category: International News