International News

ကမ္ဘာ့ဈေးကွက်တွင် နေရာတစ်ခု၌ အခိုင်အမာရပ်တည်နေသည့် ဗီယက်နမ်စတီးလ်

Last Updated:

ဗီယက်နမ်နိုင်ငံသည် စတီးလ်အကြမ်းထည်ထုတ်လုပ်မှုတွင် ကမ္ဘာပေါ်၌ နံပါတ်(၁၂) နေရာ၌ ရပ်တည်နေကြောင်းသိရပါသည်။ ထုတ်လုပ်မှုကဏ္ဍ လျင်မြန်စွာတိုးတက်လာရုံသာမက ဗီယက်နမ်စတီးလ်ထုတ်ကုန်များသည် တဖြည်းဖြည်းပိုမိုကွဲပြားခြားနားလာကြောင်း ဗီယက်နမ်နိုင်ငံ စတီးလ်အသင်းထံမှသိရပါသည်။ အသင်းဥက္ကဋ္ဌဖြစ်သူ Ngiem Yuam Da က ၂၀၁၅ ခုနှစ်မှစ၍ ဗီယက်နမ်နိုင်ငံ၏ စတီးလ်လောကသည် ထုတ်လုပ်မှုကဏ္ဍတွင်သာမက အချောသတ်ထားသော စတီးလ်ထုတ်ကုန်များရောင်းချမှုတွင် အာဆီယံ၏ထိပ်ဆုံးမှ ဦးဆောင်နေသည့်နိုင်ငံများအနက်  တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် စတီးလ်အကြမ်းထည်ထုတ်လုပ်မှုတွင် တန်ချိန်သန်း ၂၀ ဖြင့် တစ်ကမ္ဘာလုံး၌ နံပါတ်(၁၂)နေရာ၌ ရပ်တည်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၀၀ ပြည့်နှစ်မတိုင်မီက စတီးလ်အကြမ်းထည်ကို တစ်နှစ်လျှင် တန်ချိန် ၁ သိန်းသာထုတ်လုပ်နိုင်ခဲ့ပြီး ပြည်တွင်းလိုအပ်ချက်ကိုသာ အဓိကဖြည့်ဆည်းခဲ့ကြောင်းသိရပါသည်။ ၂၀၀၀ ပြည့်နှစ်ကျော်သို့ ဝင်ရောက်လာသောအခါ Hoa Phat၊ Hoa Sen၊ Viet Duc စသည့် ပုဂ္ဂလိကစတီးလုပ်ငန်းများ၊ ဗီယက်နမ်နိုင်ငံစတီးအသင်းနှင့်ပူးတွဲဆောင်ရွက်သည့် Vina Kyoei၊ SSSC နှင့် Vinausteel စသည်တို့ပေါ်ပေါက်လာမှုသည် ဗီယက်နမ်စတီးလ်လောကကို သိသိသာသာပြောင်းလဲစေခဲ့ကြောင်းသိရပါသည်။ အဆိုပါစတီးလ်လုပ်ငန်းများသည် ထုတ်လုပ်နိုင်စွမ်းနှင့် စတီးလ်အရည်အသွေးတို့ကိုတိုးတက်စေခဲ့ပြီး အမျိုးအစားမျိုးစုံကို ဈေးကွက်သို့တင်ပို့နိုင်ခဲ့ကြောင်းသိရပါသည်။ အဆိုပါအချိန်တွင် ဗီယက်နမ်နိုင်ငံသည် စတီးလ်အကြမ်းထည် တန် ၀.၅ သန်းနှင့် စတီးလ်ထုတ်ကုန်တန်ချိန် ၂ သန်းကို တစ်နှစ်ချင်းတင်ပို့နိုင်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ်တွင် ဗီယက်နမ်စတီးလ်အသင်းသည် လုပ်ငန်းကြီးများတွင် ပူးပေါင်းပါဝင်မှုများပြုလုပ်လာခဲ့ပါသည်။ အသင်းသည် ပူးပေါင်းဆောင်ရွက်မှုများကို စီးပွားရေးလုပ်ငန်းများအကြား ကြေညာခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းများ တိုးတက်အောင်ဆောင်ရွက်ပေးခြင်း၊ ရေရှည်တည်တံ့သော တိုးတက်မှုတို့ရရှိအောင် အရှိန်မြှင့်တင်ပေးခြင်းတို့တွင် အရေးပါသောကဏ္ဍ၌ ပါဝင်ခဲ့ပါသည်။ ၎င်းတို့၏ တည်ထောင်မှုသည် ဗီယက်နမ်စတီးလ်လုပ်ငန်းကို နိုင်ငံတကာအတွေ့အကြုံများရရှိသင်ယူနိုင်စေသည့် အခြေအနေများဖန်တီးပေးခဲ့ပြီး နည်းပညာသစ်များနှင့် ပြည်ပသို့တင်ပို့မှုတို့ကို တိုးချဲ့ရရှိစေခဲ့ပါသည်။ ကြီးမားပြီး ခေတ်မီသော စတီးလ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုသည် အဓိကစက်မှုနယ်ပယ်များဖြစ်သော စက်ပစ္စည်းများထုတ်လုပ်ခြင်း၊ ဆောက်လုပ်ရေးနှင့်ကာကွယ်ရေးနယ်ပယ်များမှ စိတ်ဝင်စားမှုရရှိစေပြီး စတီးလ်အကြမ်းထည် ထုတ်လုပ်နိုင်စွမ်းကို အရှိန်မြှင့်တင်နိုင်ခဲ့ပါသည်။ အဆိုပါ အားထုတ်မှုများကြောင့် ဗီယက်နမ်နိုင်ငံ၏ စတီးလ်ကဏ္ဍသည် ကမ္ဘာ့စတီးလ်လောကတွင် အရေးပါသည့်နေရာတစ်ခု၌ တဖြည်းဖြည်းမြင့်တက်ရပ်တည်လာကြောင်းသိရပါသည်။

 Source: Vietnam Plus

Source: https://www.doca.gov.mm

Category: International News