International News

အိန္ဒိယဈေးကွက်၌ သဘာဝရော်ဘာ ပြတ်လပ်မှု ဖြစ်ပေါ်

Last Updated:

အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်းရော်ဘာထုတ်လုပ်မှုလိုအပ်ချက် တန်ချိန် ၅ ဒသမ ၅ သိန်းခန့် ဖြစ်ပေါ်နေခြင်းနှင့်အတူ သဘာဝရော်ဘာပြတ်လပ်မှုကို သိသာစွာကြုံတွေ့နေရကြောင်း Times of India သတင်းဌာနက အစီရင်ခံ ဖော်ပြခဲ့ပါသည်။ အကောက်ခွန်နှုန်း မြင့်မားခြင်းနှင့် ကုန်စည်ရရှိလွယ်မှုဆိုင်ရာ ပြဿနာများသည် ရော်ဘာတင်သွင်းရာတွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှု များဖြစ်ပြီး၊ အဆိုပါ အခြေအနေများကြောင့် ရော်ဘာဈေးနှုန်းမြင့်မားခြင်းနှင့် ရော်ဘာကုန်ကြမ်း အပေါ် အမှီပြုနေသည့် စက်ရုံများအတွက် အကျပ်အတည်းဖြစ်စေကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ရော်ဘာလုပ်ငန်းရှင်များအသင်း (All India Rubber Industries Association - AIRIA) မှ ဥက္ကဋ္ဌဖြစ်သူ Shashi Singh က အိန္ဒိယနိုင်ငံ၏ သဘာဝရော်ဘာ ထုတ်လုပ်မှု သည် ၂၀၂၂-၂၃ ခုနှစ်တွင် ၈ ဒသမ ၃၉ သိန်းရှိရာမှ ၂၀၂၃-၂၄ ခုနှစ်၌ တန်ချိန် ၈ ဒသမ ၅၇ သိန်း သို့ မြင့်တက်ခဲ့ကြောင်း၊ သို့ရာတွင် သုံးစွဲမှုသည် ၂၀၂၂-၂၃ ခုနှစ်တွင် တန်ချိန် ၁၃ ဒသမ ၅ သိန်းရှိရာ မှ ယခုအခါ တန်ချိန် ၁၄ ဒသမ ၁၆ သိန်းအထိ သိသာစွာမြင့်တက်လာသည့်အတွက် လက်ရှိတွင် တန်ချိန် ၅.၅ သိန်း လိုအပ်ချက်ရှိနေသေးကြောင်း ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်းထုတ်လုပ်မှုမလုံလောက်သည့်အတွက် ပြည်ပမှရော်ဘာ တင်သွင်းမှုအပေါ် အမှီပြုနေရသည့် သမိုင်းအစဉ်အလာရှိခဲ့ကြောင်း၊ ရော်ဘာသွင်းကုန်များအပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်း သို့မဟုတ် တစ်ကီဂရမ်လိုလျှင် ရူပီး ၃၀ နှုန်းဖြင့် များရာပမာဏကို စည်းကြပ်နေခြင်းသည် ရော်ဘာဈေးနှုန်းကြီးမြင့်ရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ပြီး ရော်ဘာ ကုန်ကြမ်းရရှိရန် ခက်ခဲမှုသည်လည်း အခြားသောအကြောင်းရင်းတစ်ခုဖြစ်ကြောင်း၊ ယခုအခါ တရုတ်နိုင်ငံသည်  ရော်ဘာအများအပြား ဝယ်ယူသိုလှောင်လျက်ရှိခြင်းနှင့် သဘာဝရော်ဘာရရှိရန် အရင်းအမြစ်ကောင်း တစ်ခုဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နိုင်ငံရေးမငြိမ်မသက်မှု ဖြစ်ပွားခြင်းသည်လည်း ရော်ဘာဈေးနှုန်းမြင့်တက်ရခြင်း၏ အကြောင်းရင်းဖြစ်ကြောင်း၊  ၎င်းအခြေအနေသည် သဘာဝရော်ဘာဈေးနှုန်းများကို လျင်မြန်စွာမြင့်တက်လာစေကြောင်း၊ လက်ရှိအချိန်တွင် ရော်ဘာတစ်ကီလိုဂရမ်လျှင် ၂၄၇ ရူပီးပေါက်ဈေးရှိပြီး ၁၅ နှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ် ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ဈေးနှုန်းဖြစ်သည့် တစ်ကီလိုဂရမ်လျှင် ၁၈၂ ရူပီးနှုန်း နှင့်နှိုင်းယှဉ်ပါက လေးလအတွင်း နှစ်ဆနီးပါး မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း Mr. Singh က ပြောဆို ခဲ့သည်။

မုတ်သုံမိုး များစွာရွာသွန်းခြင်းကြောင့် ရော်ဘာအစေးခြစ်လုပ်ငန်း လုပ်ကိုင်မှုများ လျော့ကျပြီး ပြည်ပမှ ရော်ဘာတင်သွင်းမှုကျဆင်းခြင်းကလည်း သဘာဝရော်ဘာ ရရှိနိုင်မှုကို မသေချာ မရေရာ ဖြစ်စေသည့် အခြားသောစိန်ခေါ်မှုများဖြစ်ကြောင်း၊ အဆိုပါအခြေအနေသည် ရော်ဘာကုန်ကြမ်းကို မှီခိုနေသည့် စက်ရုံများအပေါ် သိသာစွာရိုက်ခတ်မှုများရှိကြောင်း၊ လက်ရှိကာလတွင် သဘာဝရော်ဘာ၏ ၇၀ ရာခိုင်နှုန်းခန့်ကို တာယာထုတ်လုပ်သည့် လုပ်ငန်းများ၌ အသုံးပြုနေပြီး၊ ရော်ဘာကုန်ကြမ်းပြတ်လပ်မှုကို ဆိုးရွားစွာခံစားနေရသော တာယာစက်ရုံများမဟုတ်သည့် အသေးစားနှင့်အငယ်စားလုပ်ငန်းများက ကျန်ရှိသည့် ၃၀ ရာခိုင်နှုန်းကို အသုံးပြုခြင်းဖြစ်ကြောင်း  သိရှိရသည်။

Mr. Singh က ရော်ဘာလက်အိတ်နှင့် ရော်ဘာပူဖောင်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ရော်ဘာစေးကုန်ကြမ်းအတွက် စုစုပေါင်းအခွန် ၇၅ ရာခိုင်နှုန်းပေးရကြောင်း၊ ယခုအခါ ၎င်းရော်ဘာစေးကုန်ကြမ်းမှာ ပြတ်လပ်လျက်ရှိကြောင်း၊ သို့ရာတွင် ပြည်ပမှ တင်သွင်းလာသည့် မွေ့ယာများ၊ ရော်ဘာပူဖောင်းများနှင့် ခွဲစိတ်ခန်းသုံး လက်အိတ်များအား အခွန် ၁၀ ရာခိုင်နှုန်းသာ စည်းကြပ်ခြင်းသည် ပြည်တွင်း၌ထုတ်လုပ်မှုထက် ပြည်ပမှတင်သွင်းမှုကို အားပေးသည့်သဘော ဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါကိစ္စရပ်များကိုဖြေရှင်းရန်အတွက် AIRIA နှင့် မော်တော်ကား တာယာထုတ်လုပ်သူ များအသင်းတို့ပူးပေါင်း၍ သွင်းအားစုအကျပ်အတည်းဆိုင်ရာ စာတမ်းတစ်စောင်ကို အစိုးရထံသို့ တင်ပြခဲ့ကြသည်။ အိန္ဒိယနိုင်ငံ၌ ကီရာလာ‌ပြည်နယ်အပြင် တြိပူရပြည်နယ်ကိုပါ ဒုတိယအကြီးဆုံး ရော်ဘာ ထုတ်လုပ်ရာဒေသဖြစ်လာစေရေး တိုးချဲ့ဆောင်ရွက်မှုနှင့်အတူ နိုင်ငံအတွင်း သဘာဝရော်ဘာ ထုတ်လုပ်မှုတိုးတက်အောင် အားထုတ်ကြိုးပမ်းလျက်ရှိကြောင်း၊ ပြည်ပမှတင်သွင်းသည့် ရော်ဘာကုန်ကြမ်းအပေါ် မှီခိုနေရသည့် ပြည်တွင်းစက်ရုံများအား ‌အထောက်အပံ့ပေးနိုင်ရေး တင်သွင်းမှုဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းခြင်းနှင့်အတူ ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ဟန်ချက်ညီသည့် နည်းလမ်းတစ်ခုကို ဖော်ဆောင်သွားရန် လိုအပ်မည်ဖြစ်ကြောင်း Economic Times သတင်းဌာနက ဖော်ပြထားပါသည်။

Source: Economic Times, 16 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News