International News

အရန်ထားရှိရန် ဆန်တန်ချိန် ၄၅၀၀၀၀ တောင်ကိုရီးယားအစိုးရ ဝယ်ယူမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံ၌ ဆန်ပိုလျှံထွက်ရှိမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဈေးကွက်အတွင်း ဈေးနှုန်းများတည်ငြိမ်မှုရှိစေရန်အတွက် အစိုးရသည် ယခုနှစ်ရိတ်သိမ်းထွက်ရှိမှုမှ  ဆန်တန်ချိန် ၄၀၀၀၀၀ နှင့် ယခင်နှစ်ထွက်ရှိမှုမှ တန်ချိန် ၅၀၀၀၀ ၊ စုစုပေါင်း ဆန်တန်ချိန် ၄၅၀၀၀၀ ကို အရန် ရိက္ခာအဖြစ် ဝယ်ယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက ဩဂုတ်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

အစိုးရအဖွဲ့အစည်းဝေးတွင် ချမှတ်ခဲ့သည့် စီမံချက်အရ သြဂုတ်လမှ နိုဝင်ဘာလအတွင်း မပြုပြင်ရသေးသော ဆန်များကိုလည်းကောင်း၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ထုပ်ပိုးပြီး သော ဆန်များကိုလည်းကောင်း ဝယ်ယူမည်ဖြစ်ကြောင်း သိရပါသည်။ ဝယ်ယူသည့် ဈေးနှုန်းကို ယခုနှစ်ကုန်၌ ဆုံးဖြတ်မည်ဖြစ်ပြီး ကြားကာလပေးချေမှုအဖြစ် ဆန် ၄၀ ကီလိုဂရမ် တစ်အိတ်လျှင် ဝမ်ငွေ ၃၀၀၀၀ နှုန်း (အမေရိကန်ဒေါ်လာ ၂၂ ဒေါ်လာ) ဖြင့် အစိုးရက ပေးအပ်ထားမည်ဖြစ်သည်။ ကိုရီးယားပြည်သူများ၏ စားသောက်မှုပုံစံနှင့် အလေ့အထများ ပြောင်းလဲလာမှုကြောင့် ၎င်းတို့၏ ဆန်စားသုံးမှု ဆက်တိုက်ကျဆင်းနေချိန်တွင် ကိုရီးယားနိုင်ငံသည် ဆန်ပိုလျှံထွက်ရှိမှု ကိစ္စရပ်ကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေရကြောင်း သိရသည်။

တောင်ကိုရီးယားအစိုးရအနေဖြင့် ဝယ်ယူထားသော အရန်ဆန်များကို တပ်ရိက္ခာအဖြစ် သုံးစွဲခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းများအပါအဝင် ရည်ရွယ်ချက် အမျိုးမျိုးအတွက် အသုံးပြုမည်ဖြစ်သည်။ ထို့အပြင် ရေကြီးခြင်းနှင့် မိုးခေါင်ခြင်းစသည့် အရေးပေါ်အခြေအနေများတွင် စားနပ်ရိက္ခာဖူလုံမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်လျက် ရှိသော အာဆီယံ+၃ အရေးပေါ် အရန်ဆန်အတွက်လည်း အဆိုပါဆန်များကို အသုံးပြုမည်ဖြစ်ကြောင်း သိရပါသည်။

Source: Korea Times, 19 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News