International News

ဘာစမာတီဆန်၏ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းကို ဒေါ်လာ ၇၀၀ သို့လျှော့ချရန် အိန္ဒိယကုန်သည်များ တောင်းဆို

Last Updated:

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆန်ပို့ကုန်လုပ်ငန်းများအသင်း (ARIA) ၏ အုပ်ချုပ်ရေးအဖွဲ့အသစ် သည် နယူးဒေလီမြို့တွင် ဩဂုတ်လ ၁၆ ရက်နေ့၌ အစည်းအဝေးတစ်ရပ်ကျင်းပလျက် အနိမ့်ဆုံး ပို့ကုန်စျေးနှုန်း (Minimum Export Price - MEP) မြင့်မားမှုကြောင့် ဆန်လုပ်ငန်းတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုအား တားမြစ်ထားသည့်ကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

ARIA အသင်းဥက္ကဋ္ဌ Satish Garg နှင့် ပန်ဂျပ်ပြည်နယ်မှ ကိုယ်စားလှယ်များဖြစ်သော Bal Krishna Bali နှင့် Ranjit Singh Jossan တို့က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည့် ယင်းအစည်းအဝေး၌ အသင်းအနေဖြင့် အဆိုပါပြဿနာများကို ဦးစားပေးဖြေရှင်းရန်အတွက် ဗဟိုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။ ယခင်နှစ်တွင် ဗဟိုအစိုးရသည် ဘာစမာတီဆန်အတွက် အနိမ့်ဆုံးပို့ကုန်စျေးနှုန်းကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၅၀ ပြင်ဆင်သတ်မှတ်ခဲ့ကြောင်းနှင့် ပန်ဂျပ်၊ ဟာရီယာနာ ပြည်နယ်များနှင့် အိန္ဒိယမြောက်ပိုင်းဒေသများ၌ ယခုနှစ် ဘာစမာတီစပါးများ ပိုမိုထွက်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ သို့ဖြစ်၍ တောင်သူများအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်ရန် အနိမ့်ဆုံးပို့ကုန်စျေးနှုန်းကို အမေရိကန်ဒေါ်လာ ၇၅၀  သို့ လျှော့ချရေးသည် အရေးကြီးသောအချက်ဖြစ်ကြောင်း၊  တောင်သူများ၏ ကြိုးစားအားထုတ်မှုအတွက် လုံလောက်သည့် လျော်ကြေးရရှိမှု သေချာစေရေး လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် ဤအစီအစဉ်သည် တောင်သူလယ်သမားများ၏ဝင်ငွေ နှစ်ဆတိုးမြှင့်ရေး ဗဟိုအစိုးရက ချမှတ်ထားသည့် ရည်မှန်းချက်နှင့်အညီဖြစ်ပြီး ကမ္ဘာ့ဈေးကွက်များတွင် အိန္ဒိယ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းနိုင်စေရန် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း Mr. Jossan က ပြောဆိုသည်။

အနိမ့်ဆုံးပို့ကုန်စျေးနှုန်း သတ်မှတ်ချက်မှာ အမေရိကန်ဒေါ်လာ ၉၅၀ နှုန်းအထိ မြင့်မားမှုကြောင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဆန်တင်ပို့နိုင်ခြင်းမရှိပဲ ပန်ဂျပ်ပြည်နယ်နှင့် ဟာရီယာနာပြည်နယ်တို့ရှိ သိုလှောင်ရုံများတွင် ဘာစမာတီဆန်ကို တန်ချိန်သိန်းပေါင်းများစွာ သိုလှောင်ထားရကြောင်းနှင့် အဓိကပြိုင်ဘက်ဖြစ်သော ပါကစ္စတန်နိုင်ငံ၌ ဘာစမာတီဆန်အတွက် အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်းကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၀၀ သတ်မှတ်ထားကြောင်း Mr. Jossan က ပြောကြားခဲ့သည်။

Source: Times of India, 18 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News