International News

သီဟိုဠ်စေ့ကုန်ကြမ်း ဒုတိယအများဆုံးထုတ်လုပ်သည့်နိုင်ငံအဖြစ်သို့ ကမ္ဘောဒီးယား ရောက်ရှိ

Last Updated:

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ (၇) လတွင် စုစုပေါင်းတန်ချိန် ၈၃၀၀၀၀ ထုတ် လုပ်မှုဖြင့် ကမ္ဘောဒီးယားနိုင်ငံသည် အိုင်ဗရီကို့စ်နိုင်ငံ၏နောက်တွင် သီဟိုဠ်စေ့ကုန်ကြမ်း ကမ္ဘာ့ဒုတိယ အများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်လာကြောင်း ကမ္ဘောဒီးယားသီဟိုဠ်စေ့လုပ်ငန်းအသင်း (CAC) ၏ အစီရင်ခံစာအရ သိရှိရသည်။ ဗီယက်နမ်နိုင်ငံသို့ သီဟိုဠ်စေ့တင်ပို့မှုသည် သိသိသာသာ တိုးတက်လာပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၉၂ သန်းရှိသော သီဟိုဠ်စေ့ တန်ချိန် ၇၈၀၀၀၀ ကျော်ကို တင်ပို့နိုင်ခဲ့ ကြောင်း CAC ၏ ပြောကြားချက်အရ သိရသည်။ ယင်းတင်ပို့မှုသည် ပမာဏအားဖြင့် ၃၆ ဒသမ ၇ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၈ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။

အဆိုပါ သီဟိုဠ်စေ့တင်ပို့မှု တိုးတက်လာခြင်းသည် အကြောင်းမဲ့မဟုတ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ မေလမှ၍ သီဟိုဠ်စေ့စိုက်ပျိုးဧရိယာ အနည်းငယ်တိုးလာသည့်အချိန်တွင် အယ်လ်နီညိုရာသီ ဥတုဖြစ်စဉ်နှင့် လိုက်လျောညီထွေဖြစ်အောင် စိုက်ပျိုးထားသည့် သီဟိုဠ်သရက်ပင်များ သိသာစွာ တိုးတက်လာသည့်အတွက်ဖြစ်ကြောင်း ကမ္ဘောဒီးယား သီဟိုဠ်စေ့လုပ်ငန်းအသင်း (CAC) ဥက္ကဋ္ဌ Uon Silot က ဩဂုတ်လ ၁၈ ရက်နေ့တွင် Khmer Times သို့ ပြောကြားခဲ့သည်။

အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်သည်  ကမ္ဘောဒီးယားနိုင်ငံအပေါ် ရိုက်ခတ်မှုရှိနိုင်ကြောင်း CAC က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုစဉ်က CAC အနေဖြင့် သီဟိုဠ်စေ့ အထွက်ကောင်းစေရေး ပြင်ဆင်ထားရန် ၎င်း၏အဖွဲ့ဝင်များနှင့် တောင်သူများအတွက် ယေဘုယျအားဖြင့် လမ်းညွှန်ချက်အချို့ကို ထုတ်ပြန်ထားခဲ့သည်။ အဆိုပါ ညွှန်ကြားချက်များကို  လက်ခံကျင့်သုံးခဲ့သည့်အတွက် သီဟိုဠ်စေ့ အထွက်ပမာဏသည် တိုးတက်လာခြင်း ဖြစ်သည်ဟု Mr. Silot က ပြောကြားခဲ့သည်။

အဆိုပါအချက်များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အများအပြားအား ဆွဲဆောင်နိုင်သည့်အတွက် အရေးကြီးသည့် အချက်များဖြစ်ကြောင်း၊ သီဟိုဠ်စေ့လုပ်ငန်းကို လုပ်ကိုင်ရန် စဉ်းစားပါက ကမ္ဘောဒီးယား၏ သီဟိုဠ်စေ့ထုတ်လုပ်မှုနယ်ပယ်ကို  ထည့်သွင်းစဉ်းစားသင့်ကြောင်း Mr. Silot က ပြောကြားခဲ့သည်။ သီဟိုဠ်စေ့မူဝါဒ (၂၀၂၂-၂၀၂၇) ဖော်ဆောင်မှုမှ ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိနိုင်ရန် အတွက် CAC အသင်းအနေဖြင့် ပြည်တွင်း၌ ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းများအတွက် ရင်းနှီး မြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်လိုကြောင်း သိရှိရသည်။

ရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်လိုခြင်းသည် CAC နှင့် အခြားသော ပါဝင်ပတ်သက်သူများက အစဉ်မျှော်မှန်းသည့်အချက်ဖြစ်ကြောင်း၊ သီဟိုဠ်စေ့ ပြုပြင်ထုတ်လုပ်သည့် စက်ရုံများစွာရှိပါက ကျေးရွာများတွင် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပြီး လုပ်သားများ ပြောင်းရွှေ့ လုပ်ကိုင်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ပွဲစားအဆင့်ဆင့် များပြားမှုကို လျှော့ချပြီး ထပ်ဆောင်း တန်ဖိုးမြှင့်လျက် သင့်တင့်မျှတသည့်စျေးနှုန်းတစ်ရပ်ကို ထိန်းသိမ်းပေးခြင်းဖြင့် တောင်သူများကို အထောက်အပံ့ပြုနိုင်မည်ဖြစ်ကြောင်း Mr. Silot က အလေးပေး ပြောကြားခဲ့သည်။ လက်ရှိတွင် သီဟိုဠ်စေ့ခြောက် တစ်ကီလိုဂရမ်လျှင် ကမ္ဘောဒီးယားနိုင်ငံသုံးငွေ ရီယယ် ၇၃၀၀ နှုန်း ဝန်းကျင်ရှိကြောင်း၊ အမျိုးသားသီဟိုဠ်စေ့မူဝါဒ ၂၀၂၂-၂၀၂၇ နှင့်အညီ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ကမ္ဘောဒီးယား သီဟိုဠ်စေ့လုပ်ငန်းတွင် ရင်းနှီး မြှုပ်နှံမှု ဒေါ်လာ ၃၂၉ သန်းကို ထပ်မံ၍ လိုအပ်ကြောင်း သိရှိရသည်။

ကမ္ဘောဒီးယား စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ် (ARDB) ၏ အမှုဆောင် အရာရှိချုပ် Kao Thach က သီဟိုဠ်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် ထုတ်ကုန်များ၏ အရည် အသွေး ကောင်းမွန်စေရန်နှင့် ရောင်းချနိုင်စွမ်းရှိစေရန်အတွက် သီဟိုဠ်စေ့အသင်း (CAC) နှင့် အခြားစိုက်ပျိုးရေး အသိုင်းအဝိုင်းများနှင့် ချိတ်ဆက်ရန် ယခင်ရက်သတ္တနှစ်ပတ်တွင် Kampong Thom ပြည်နယ်၌ ကျင်းပသော CAC နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် တိုက်တွန်းပြောကြားခဲ့သည်။ အဆိုပါ ပြည်နယ်ရှိ Sala Visai, Prasat Sambo နှင့် Tamring ကျေးရွာအုပ်စု သုံးခုတွင် ခေတ်မီ သီဟိုဠ်စေ့စိုက်ပျိုးရေး အဖွဲ့ (၃) ဖွဲ့ကို တရားဝင်ဖွဲ့စည်းတည်ထောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

Source: Khmer Times, 19 August, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News