International News

အင်ဒိုနီးရှားနိုင်ငံ၌ ပြည်တွင်းဈေးကွက်သို့ ရောင်းချပေးရမည့် စားအုန်းဆီပမာဏသတ်မှတ်ချက် လျှော့ချ

Last Updated:

ကမ္ဘာ့စားအုန်းဆီ အများဆုံးတင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်းစားအုန်းဆီ ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ပြည်တွင်းဈေးကွက်အတွင်း ရောင်းချပေးရန်တာဝန်ရှိမှု (Domestic Market Obligation-DMO) စည်းမျဉ်းများ တစ်နည်းအားဖြင့် ပြည်တွင်းစားအုန်းဆီ ထုတ်လုပ်မှုပမာဏအပေါ် မူတည်၍ ပြည်တွင်းသုံးစွဲမှုနှင့် တင်ပို့မှုပမာဏအချိုးအစား သတ်မှတ်သည့်စည်းမျဉ်းအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့ပါသည်။ အဆိုပါ DMO အစီအစဉ်အရ စားအုန်းဆီ ထုတ်လုပ်သူများအနေဖြင့် ပို့ကုန်ပါမစ်ရရှိရေးအတွက် ၎င်းတို့၏ စားအုန်းဆီထုတ်လုပ်မှုမှ တစ်စိတ်တစ်ပိုင်းကို ပြည်တွင်းဈေးကွက်သို့ ကန့်သတ်ထားသည့် စျေးနှုန်းတစ်ရပ်ဖြင့် ရောင်းချပေးရမည်ဖြစ်ပြီး ပြည်တွင်း၌ ရောင်းချပေးသော စားအုန်းဆီပမာဏ ၏ ၄ ဆကို တင်ပို့ခွင့်ခွဲတမ်းအဖြစ် သတ်မှတ်ထားကြောင်း သိရှိရပါသည်။

ယခုအခါ အင်ဒိုနီးရှားအစိုးရသည် DMO အစီအစဉ်အရ စားအုန်းဆီ ထုတ်လုပ်သူများက ပြည်တွင်း၌ရောင်းချပေးရမည့် စားအုန်းဆီ ပမာဏအား လျှော့ချသတ်မှတ်လိုက်ကြောင်းနှင့် ပြည်တွင်း၌ ရောင်းချသူများ၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်ရန်အတွက် ပြည်တွင်းဈေးကွက်ဆိုင်ရာ မူဝါဒအရ ပြည်တွင်းဈေးကွက်သို့ ရောင်းချရမည့်စျေးနှုန်းအား တိုးမြှင့်သတ်မှတ်ပေးလိုက် ကြောင်း S&P Global သတင်းဌာနက ဩဂုတ်လ ၁၉ ရက်နေ့တွင် ဖော်ပြပါသည်။

DMO အစီအစဉ်အရ ပြည်တွင်းဈေးကွက်သို့ ရောင်းချရန်လျာထားသည့် စားအုန်းဆီ ပမာဏမှာ ယခင်က တစ်လလျှင် တန်ချိန် ၃၀၀,၀၀၀ သတ်မှတ်ထားခဲ့သော်လည်း ယခုအခါ တစ်လလျှင် တန်ချိန် ၂၅၀,၀၀၀ သာရောင်းချပေးရန် သတ်မှတ်ထားကြောင်း၊ စားအုန်းဆီ ထုတ်လုပ်သူများက ပြည်တွင်း၌ ရောင်းချပေးရမည့်ပမာဏ ကျဆင်းသွားကြောင်း၊ ယခုအစီအစဉ်သည် သြဂုတ်လ ၁၄ ရက်မှစ၍ အသက်ဝင်ခဲ့ကြောင်း အင်ဒိုနီးရှား၊ ကုန်သွယ်ရေးဝန်ကြီး Mr. Zulkifli Hasan က ပြောကြားပါသည်။

အခြေခံလူတန်းစားပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့်ရောင်းချသည့် Minyakita အစီအစဉ်အရ ယခင်က စားအုန်းဆီ အခြေခံဈေးနှုန်းသည် တစ်လီတာလျှင် အင်ဒိုနီးရှားရူပီး ၁၄,၀၀၀ (တစ်လီတာလျှင် သုညဒသမ ၈၉ အမေရိကန် ဒေါ်လာ) ရှိခဲ့ရာမှ  ဩဂုတ်လ ၁၄ ရက်မှ စတင်၍ တစ်လီတာလျှင် ရူပီး ၁၅,၇၀၀ (အမေရိကန် ၁ ဒေါ်လာ) ဖြင့် တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။

Minyakita အစီအစဥ်မှာ အစိုးရ၏ DMO အစီအစဉ်အရ စုဆောင်းထားသော စားအုန်းဆီများကို အခြေခံလူတန်းစားပြည်သူများက သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူခွင့်ရရှိခြင်းကို ဆိုလိုပါသည်။ လွန်ခဲ့သည့်နှစ်အတွင်း စားအုန်းဆီထုတ်လုပ်သူများအသင်း အပါအဝင် စားအုန်းဆီကဏ္ဍနှင့် သက်ဆိုင်သူများက အခြေခံစျေးနှုန်းအား တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြ သော်လည်း စားသုံးသူအဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြကြောင်း ဖော်ပြထားပါသည်။

ယခုပြောင်းလဲကျင့်သုံးသည့် DMO အစီအစဉ်သည် စားအုန်းဆီတင်ပို့သော ကုမ္ပဏီများအတွက် တင်ပို့ခွင့်ခွဲတမ်းများအား လျှော့ချထားမှုဖြစ်ခြင်းကြောင့် ၎င်းကုမ္ပဏီများအပေါ် သက် ရောက်နိုင်မည့် ဆိုးကျိူးများကို မသိရှိရသေးကြောင်း၊ Minyakita အစီအစဉ်အတွက် ပြည်တွင်း၌ ရောင်းချပေးသော စားအုန်းဆီပမာဏ၏ ၄ ဆကို တင်ပို့ခွင့်ခွဲတမ်းအဖြစ် သတ်မှတ်ထားကြောင်း၊ တင်ပို့ခွင့်ပြုမှုနှင့် Minyakita အစီအစဉ် တို့အကြား ချိတ်ဆက်မှုအပေါ် ထိရောက်မှုလျော့ကျ သွားစေကြောင်း စားအုန်းဆီလုပ်ငန်းရှင်များက ပြောကြားပါသည်။

ပို့ကုန်ပမာဏ ကျဆင်းလာသည်နှင့်အမျှ DMO အစီအစဉ်အရ ပြည်တွင်း၌ ရောင်းချပေးမည့် ပမာဏပါကျဆင်းသွားခြင်းဖြစ်ကြောင်း၊ ဥပမာအားဖြင့် DMO အစီအစဉ်အရ တစ်လလျှင် ပြည်တွင်း၌ ရောင်းချပေးရန် စားအုန်းဆီ တန်ချိန် ၃၀၀,၀၀၀ ခန့် လျာထားဆောင်ရွက်သော်လည်း ဇန်နဝါရီလတွင် စားအုန်းဆီတန်ချိန်  ၂၁၂,၁၁၆ ခန့်၊ လျာထားချက်၏ ၇၀ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း၊ ထိုကာလအတွင်း အင်ဒိုနီးရှား၏ စားအုန်းဆီတင်ပို့မှုသည် တန်ချိန် ၁ ဒသမ ၈၉ သန်း သို့ ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စုဆောင်းထားသည့်စားအုန်းဆီ တန်ချိန် ၁၃၁,၄၈၆ နှင့် မတ်လတွင် တန်ချိန် ၈၅,၈၉၀ သာရှိခဲ့သည့်အတွက် လျာထားမှုအောက် လျော့နည်းခဲ့ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်း (GAPKI) ဥက္ကဋ္ဌ Mr. Eddy Martono က ဧပြီလတွင် ပြောကြားမှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

စားအုန်းဆီကြမ်း ဈေးနှုန်းသည် သြဂုတ်လ ၁၆ ရက်နေ့တွင် တစ်တန်လျှင် FOB ဈေးနှုန်း (သင်္ဘောတင်ဈေးနှုန်း) အမေရိကန်ဒေါ်လာ ၉၄၇ ဖြစ်ပြီး ယခုလအတွင်းဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအပေါ် ၃ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း ကမ္ဘာ့ကုန်ပစ္စည်းဈေးနှုန်းများ စောင့်ကြည့် လေ့လာရေးအဖွဲ့ (S&P Global Commodity Insights) ၏ အဖွဲ့တစ်ခုဖြစ်သော Platts အဖွဲ့က ဖော်ပြကြောင်း သတင်းရရှိပါသည်။

Source: S&P Global , 19 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News